Russia

ရုရှား Uralchem ကုမ္ပဏီအုပ်စုသည် တရုတ်နိုင်ငံသို့ ဓာတ်မြေသြဇာတန်ချိန် ၆ သိန်း ထောက်ပံ့ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ရုရှား Uralchem ကုမ္ပဏီအုပ်စုနှင့် တရုတ်နိုင်ငံရှိ ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီ Xinjiang Golden Pomegranate Agricultural Import and Export Co. LTD, တို့သည် လာမည့်သုံးနှစ်အတွင်း တရုတ်နိုင်ငံသို့ ဓာတ်မြေသြဇာတန်ချိန် ၆ဝဝ,ဝဝဝ ထောက်ပံ့ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း Uralchem ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါနားလည်မှုစာချွန်လွှာတွင် မိုနိုအမိုနီယမ်ဖော့စဖိတ်ဓာတ်မြေဩဇာ(monoammonium phosphate-MAP)နှင့် ကွန်ပေါင်းဓာတ်မြေသြဇာ(NPK) တို့ကို ၂၀၂၄ မှ ၂၀၂၆ ခုနှစ်အထိ တရုတ်နိုင်ငံသို့ ထောက်ပံ့ပေးရန် ရည်ရွယ်ချက်ကို ဖော်ပြထားသည်။ သုံးနှစ်အတွင်း စုစုပေါင်းဓာတ်မြေဩဇာ တန်ချိန် ၆ဝဝ,ဝဝဝ အထိ ပေးပို့ရန်ဖြစ်ပြီး မီးရထားလမ်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် Uralchem ကုမ္ပဏီအုပ်စု​​အတွက် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ကုမ္ပဏီ၏ CEO Mr. Dmitry Konyaev က ပြောကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ရုရှားဓာတ်မြေဩဇာထုတ်လုပ်သူများသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြားမှ ဖော်ရွေသော မိတ်ဆွေနိုင်ငံများ၏ဈေးကွက်သို့ ဓာတ်မြေဩဇာပိုမိုတိုးမြှင့်တင်ပို့ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် အဆိုပါနိုင်ငံများသို့ ဓာတ်မြေသြဇာတင်ပို့မှုသည် ၇၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါသည်။

Source :    https://www.rbgmedia.ru/post.php?id=19240

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia