Russia

ရုရှားနိုင်ငံ၏ GDP တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် ၃.၅ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်ကြောင်း သမ္မတပူတင်ပြောကြား

Last Updated:

၂၀၂၃ ခုနှစ်အတွက် စာရင်းအချက်အလက်များအဆင့်မြင့်တင်ပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)တိုးတက်မှုသည် ၃.၅ ရာခိုင် နှုန်းကျော်လွန်နိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဇန်နဝါရီလ ၁၇ ရက်က ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

သမ္မတပူတင်သည် ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin နှင့် စီးပွားရေးအခြေအနေများဆွေးနွေးပြီးနောက် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်၏အဆိုအရ နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၃.၅ ရာခိုင်နှုန်းရှိကြောင်း၊ စာရင်းအချက်အလက်များအား ဂရုတစိုက်တွက်ချက်မည်ဆိုလျှင် ယခုထက်ပိုမိုမြင့်လာနိုင်ကြောင်း သိရှိရသည်။

ဤ GDP တိုးတက်မှုသည် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှုပြည်တွင်းဝယ်လိုအားအပေါ် အဓိကအခြေခံကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့အပြင် စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုများသည် ကောင်းမွန်သော စွမ်းဆောင်ရည်များကို ပြသလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် သမ္မတသည် စိန်ခေါ်မှုအကြောင်းကို ထောက်ပြခဲ့ပြီး ၎င်းတို့အနက်မှ တစ်ခုမှာ ငွေကြေးဖောင်းပွမှုသည် ၇.၄ ရာခိုင်နှုန်းရှိကာ ရုရှားဘဏ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ၎င်းပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသည်။

ထို့အပြင် သမ္မတသည် ၂၀၂၃ ခုနှစ် ၁၀ လတာကာလအတွက် လုပ်ခ ၇.၇ ရာခိုင်နှုန်းတိုးမြှင့် ခြင်းသည် ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါညွှန်ကိန်းကိုလည်း ငွေကြေး ဖောင်းပွမှုဖြစ်စဉ်များနှင့် နှိုင်းယှဉ်ကြည့်ရှုရန် တောင်းဆိုထားပါသည်။

Source :    https://www.kommersant.ru/doc/6455134

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia