Russia

ရုရှားခရီးသွား ၂ သန်းကို ၂၀၂၄ ခုနှစ်တွင် စံချိန်တင်လက်ခံရန် ထိုင်းနိုင်ငံ မျှော်မှန်း

Last Updated:

ရုရှားနိုင်ငံသားများသည် ၎င်းတို့၏နွေရာသီအားလပ်ရက်များကို အပန်းဖြေစခန်းများတွင် ကုန်ဆုံးလိုကြပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ရုရှားခရီးသွားဧည့်သည် ၂ သန်း စံချိန်တင်ရရှိရန် ထိုင်းနိုင်ငံမှ မျှော်လင့်ထားသည်။

အကယ်၍ ထိုင်းနိုင်ငံသည် ရုရှားခရီးသွားများ၏အမြင်တွင် ချစ်ကြည်ရင်းနှီးသောနိုင်ငံအဖြစ် ဆက်လက်ထင်ရှားနေပါက၊ အထူးသဖြင့် အခြားနိုင်ငံများက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်ချမှတ်နေပါက အဆိုပါရည်မှန်းချက်သည် အောင်မြင်နိုင်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေး ဌာန၊ မော်စကိုရုံး၏ အကြီးအကဲ Khanittha Panvoravat က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့အရေးယူမှုများသည် ရုရှားလေယာဉ်အာမခံလုပ်ငန်းစဉ်ကို ထိခိုက်ခဲ့ပြီး အကျိုးဆက်အနေဖြင့် လေကြောင်းလိုင်းများ၏ ဝန်ဆောင်မှုများကို တိုးချဲ့ရန် ကြိုးပမ်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ခရီးသွားလာရေးဌာနသည် ကဏ္ဍသစ်များတွင် ခရီးသွားလုပ်ငန်းလိုအပ်ချက်ကို မြှင့်တင်ရန် အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဈေးကွက်အရွယ်အစားကြီးမားလာပါက ထိုင်းနှင့်ရုရှားအကြား ရှိပြီးသားလမ်းကြောင်းများကို တိုးချဲ့ရန် လေကြောင်းလိုင်းများကို ပိုမိုတွန်းအားပေးမည်ဖြစ်ကြောင်း  Phanvorawat က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား ၈၄၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရုရှားသည် ထိုင်းနိုင်ငံ၏ သတ္တမမြောက်အကြီးဆုံးခရီးသွားဈေးကွက်ဖြစ်ပြီး ရုရှားနိုင်ငံသား ၁.၅ သန်း လာရောက်ခဲ့ကြောင်း၊ ယူကရိန်းပဋိပက္ခမဖြစ်မီ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များသည် နွေရာသီအားလပ်ရက်များတွင် ဥရောပနိုင်ငံများသို့ ခရီးထွက်ရန် ရွေးချယ်ခဲ့ကြသော်လည်း ယခုအခါ နွေရာသီသာမက တစ်နှစ်ပတ်လုံး ထိုင်းနိုင်ငံ၌သာ အပန်းဖြေအနားယူရန် ပိုမိုနှစ်သက်ကြကြောင်း သိရှိရပါသည်။

Source : https://ria.ru/20230726/tailandt-1886310472.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia