India (Kolkata)

အိန္ဒိယနိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများမှ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုများကို အလိုအလျောက်လမ်းကြောင်းမှတစ်ဆင့် ခွင့်ပြုသွားမည်

Last Updated:

ပင်လယ်ကွေ့နိုင်ငံများနှင့် ကျန်အာရပ်ကမ္ဘာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများသည် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍများ၌ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုများကို အလိုအလျောက်လမ်းကြောင်းမှတစ်ဆင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း Emirates သတင်းဌာနက ဇူလိုင်လ ၃၁ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ Rajkumar Ranjan Singh က အိန္ဒိယအောက်လွှတ်တော်၌ရှိစဉ် ယင်းသို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများကို "အလိုအလျောက်လမ်းကြောင်း"မှတစ်ဆင့် ခွင့်ပြုပေးမည်ဆိုသည့်အဓိပ္ပ္ပယ်မှာ အိန္ဒိယနိုင်ငံပြင်ပရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် အစိုးရ၏ခွင့်ပြုချက် ကြိုတင်ရယူရန်မလိုအပ်ဘဲ နိုင်ငံတွင်း၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် အာရပ်နိုင်ငံများမှ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ လာရောက်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန် နိုင်ငံ၏ကဏ္ဍအသီးသီးကို တံခါးဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး၊ အစိုးရ၏စည်းမျဉ်းစည်းကမ်းဆိုင်ရာအတားအဆီးများအပေါ်ထားရှိသည့် ၎င်းတို့၏စိုးရိမ်မကင်း ဖြစ်မှုများအပေါ် အရေးယူဆောင်ရွက်ပေးသွားမည်ဟု ဒေါက်တာ Singh က အိန္ဒိယလွှတ်တော်ကိုယ်စားလှယ် Rajendra Dhedya Gavit အား ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် အာရပ်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားရန် ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏မည်သည့်ကဏ္ဍများ၌ အဓိကဖိတ်ခေါ်သွားရန်ရှိပါသလဲဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ဝန်ကြီးအား မေးခွန်းထုတ်ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသနှင့်စပ်လျဉ်း၍ ယူအေအီးနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအဆင့်မြင့်အထူးလုပ်ငန်းအဖွဲ့၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် အိန္ဒိယ-အစ္စရေး CEO ဖိုရမ်တို့ကဲ့သို့ အစိုးရမှအစိုးရ(G to G)၊ စီးပွားရေးလုပ်ငန်းများမှ အစိုးရ(B to G)ယန္တရားများစွာရှိကြောင်း ဒေါက်တာ Singh က ပြန်လည်ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များအပါအဝင် ကျယ်ပြန့်များပြားသော ကဏ္ဍအသီးသီး၌ ဆက်ဆံမှုတိုးချဲ့ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယကုန်သည်အသင်းအဖွဲ့များနှင့် ပို့ကုန်တိုးမြှင့်ရေးကောင်စီတို့ကလည်း အဆိုပါဒေသနှင့်စပ်လျဉ်း၍ အဆင့်မြင့်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများကို ပုံမှန်ကျင်းပပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၂ နေ့အထိ အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်တွင် “ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုများရှိရာ မိုးကုတ်စက်ဝိုင်းသစ်များ”ဟူသောခေါင်းစဉ်ဖြင့် အိန္ဒိယ-အာရပ်ပူးပေါင်းဆောင်ရွက်ရေး ညီလာခံတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လယ်ကွေ့နိုင်ငံများနှင့် အာရပ်ကမ္ဘာမှ စီးပွားရေးခေါင်းဆောင်များအနေဖြင့် အိန္ဒိယနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုနှင့် အခွင့် အလမ်းများအပေါ် မည်သို့တုံ့ပြန်သည်ကို သိရှိလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဝန်ကြီးအား မေးမြန်းခဲ့ရာ အိန္ဒိယနိုင်ငံ၏ စားသောက် ကုန်၊ စွမ်းအင်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် အခြေအဆောက်အအုံဆိုင်ရာကဏ္ဍတို့၌ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု(Sovereign Wealth Funds)များက ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း ဒေါက်တာ Singh က ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသို့ ယူအေအီးမှ စီးဝင်သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၃ ဘီလီယံရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၅ ဘီလီယံသို့ ၃ ဆတိုးတက်ခဲ့ကြောင်းတရားဝင်စာရင်းများအရသိရသည်။ ယူအေအီးနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စတုတ္ထအများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံတစ်ခုဖြစ်ပြီး၊ စင်ကာပူနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂ ဘီလီယံဖြင့် အများဆုံးရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ ယူအေအီးနိုင်ငံသည် အိန္ဒိယ အခြေခံအဆောက်အအုံကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်ဟု ကတိပြုထားကြောင်း လည်းသိရသည်။ ထို့ကြောင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် လာမည့်နှစ်အနည်းငယ်အတွင်း ပိုမိုတိုးမြှင့်လာဖွယ်ရှိကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ယူအေအီးနှင့် မကြာသေးမီကပင် ပြည်တွင်းသုံးငွေကြေးများအသုံးပြုပေးချေရန်နှင့် နှစ်နိုင်ငံဒစ်ဂျစ်တယ်ပေးချေမှုစနစ်များ ချိတ်ဆက်သွားရန် သဘောတူညီမှုများပြုလုပ်ထားသည့်အတွက် မကြာမီ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာဖွယ်ရှိနေပါသည်။ သို့ပါ၍ အိန္ဒိယနိုင်ငံနှင့် ယူအေအီး၊ အခြားပင်လယ်ကွေ့နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား လတ်တလောဖြစ်ပေါ်တိုးတက်လာနေသည့် နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးအခြေအနေများကို သိသာနိုင်ပါရန် သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

Emirates သတင်းဌာန၊ “India announces most sectors now open for 100% Gulf investment via “automatic route””၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

Category: India (Kolkata)