India (Kolkata)

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု တံခါးသစ်ဖွင့်လှစ်

Last Updated:

သီရိလင်္ကာသမ္မတ Ranil Wickremesinghe ၏ မကြာသေးမီက အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သော ခရီးစဉ်သည် နှစ်နိုင်ငံချိတ်ဆက်မှုအတွက် ရည်မှန်းချက်ကြီးသောအစီအစဉ်ဖြင့် အဆုံးသတ်ခဲ့ကြောင်း Asia Times သတင်းဌာနက ယခုလ ၃ ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါခရီးစဉ်သည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့ ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော နှစ်နိုင်ငံ မိတ်ဖက်ဆောင်ရွက်မှုအသစ်၏ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သော်လည်း စီးပွားရေးအရ ပိုမိုနီးကပ်စွာဆက်ဆံနိုင်ရန်အတွက် ထောက်ပံ့ရေးကွင်းဆက်များ၊ ဘက်စုံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်နှင့် ဗဟိုဘဏ်ချင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်သွားရန် လိုအပ်မည်ဖြစ်သည်။

ဇူလိုင်လ ၂၁ နေ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးသော စီးပွားရေးကဏ္ဍကို ရှင်းလင်းစွာအလေးပေးဖော်ပြခဲ့သည်။ ယခင်က အိန္ဒိယနိုင်ငံသည် တရုတ်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ သီရိလင်္ကာနိုင်ငံအပေါ် လုံခြုံရေးအရ စိုးရိမ်မှုများရှိခဲ့သည်။ ငါးဖမ်းလုပ်ငန်းအငြင်းပွားမှုများနှင့် မဖြေရှင်းနိုင်သောလူမျိုးရေး ပြန်လည်သင့်မြတ်ရေးကိစ္စတို့ကြောင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဆုတ်ယုတ်စေခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ် ဧပြီလတွင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားကြွေးမြီများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိဘဲ စီးပွားရေးအကျပ်အတည်းသို့ ဆိုက်ရောက်ခဲ့သည့်အချိန်တွင် အိန္ဒိယနိုင်ငံသည် အိမ်နီးနားချင်းကောင်းနိုင်ငံတစ်ခုအနေဖြင့် သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကူညီထောက်ပံ့ပေးခဲ့သည်။

ယခုတစ်ကြိမ်သည် အစိုးရမှ အစိုးရအစီအစဉ်တစ်ခုသာမဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု၊ သီရိလင်္ကာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများကို အားပေးသွားမည်ဖြစ်သည်။ ယခုပူးပေါင်းဆောင်ရွက်မှု၏ အဓိကအာရုံစိုက်ဆောင်ရွက်သွားမည့် အဓိကကဏ္ဍကြီးသုံးရပ်မှာ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းတို့ဖြစ်ကြသည်။ ၎င်းတွင် ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးနှင့် ကိုလံဗိုမြို့၊ Trincomalee မြို့နှင့် Kankesanthurai မြို့တို့ရှိ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယနှင့်သီရိလင်္ကာဆိပ်ကမ်းများကြား ကူးတို့ဝန်ဆောင်မှုများ အကောင်အထည်ဖေါ်ရေးနှင့် နှစ်နိုင်ငံအကြား လေကြောင်းချိတ်ဆက်မှု ပိုမိုကောင်းမွန်ရေးကိစ္စတို့ပါဝင်သည်။

နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ ထိတွေ့ဆက်ဆံမှု၏ အရေးအကြီးဆုံးစီမံကိန်းများတွင် အိန္ဒိယမှ သီရိလင်္ကာသို့ ရေနံပိုက်လိုင်းတည်ဆောက်ရန်နှင့် နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းများ ချိတ်ဆက်ရန် အဆိုပြုချက်များ ပါဝင်သည်။ နှစ်နိုင်ငံကုန်သွယ်မှုကိစ္စရပ်များတွင် ပေးချေရန်နှင့် အိန္ဒိယနိုင်ငံ၏ Unified Payment Interface စနစ်ကို လည်ပတ်ဆောင်ရွက်နိုင်ရန် အိန္ဒိယရူပီးကို အသုံးပြုခြင်းဖြင့် သီရိလင်္ကာနိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် လာရောက်လည်ပတ်သော ဧည့်သည်များအတွက် ရူပီးငွေအသုံးပြုသော ဒစ်ဂျစ်တယ်ပေးချေမှုစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

အိန္ဒိယ-သီရိလင်္ကာပူးပေါင်းဆောင်ရွက်မှုအခြေအနေသည် စတင်ထွက်ခွာသည့် အခြေအနေ (take-off) သို့ရောက်ရှိနေပြီဖြစ်သော်လည်း နှစ်နိုင်ငံကုန်သွယ်မှုများ အမှန်တကယ်ပေါင်းစည်းနိုင်ရန်၊ ဗဟိုဘဏ်အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ FDI စည်းမျဉ်းစည်းကမ်းများ ပြန်လည်သုံးသပ်ရန်နှင့် နောက်ထပ်အသေးစိတ်ညှိနှိုင်းဆောင်ရွက်မှုများစတင်ရန် အချိန်အခါကောင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါနှစ်နိုင်ငံ သမ္မတနှစ်ဦး၏ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အတွက် အစိုးရနှစ်ရပ်မှ အားပေးသည့် စီးပွားရေးမှ စီးပွားရေး(business-to-business) ဆိုင်ရာ ဆက်ဆံရေးအပေါ် အခြေခံသည့် ဦးတည်ချက်အသစ်တစ်ရပ်ကို အုတ်မြစ်ချနိုင်ခဲ့ကြောင်းသိရသည်။

သုံးသပ်တင်ပြချက်

သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားကြွေးမြီဖိစီးမှု၊ ပြည်တွင်းပဋိပက္ခများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် နိုင်ငံမှာ ကြီးမားသောအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံခြားငွေ အရန်ငွေပြတ်လပ်မှုကြောင့် စက်သုံးဆီပြတ်လပ်မှုပြဿနာနှင့်လည်း ရင်ဆိုင်ခဲ့ရသည့်အတွက် ယခုကဲ့သို့ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရည်ညွှန်း။

Asia Times၊ “India and Sri Lanka creating closer economic ties”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး‌၊ ကော်လ်ကတ္တားမြို့)                                                                                          

                                                                                             

 

Category: India (Kolkata)