India (Kolkata)

ကော်လ်ကတ္တားမြို့တွင် အထူးလုပ်ငန်းအဖွဲ့မှ ဝင်ရောက်စီးနင်းစစ်ဆေးမှုများကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် မကြာသေးမီကဖွဲ့စည်းခဲ့သော အထူးလုပ်ငန်းအဖွဲ့က မြို့တော်၏ ဈေးကွက်များအနှံ့ ဟင်းသီးဟင်းရွက်စျေးနှုန်းများကို ထိန်းညှိရန် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ လက်လီလက်ကားဈေးကွက်များတွင် ၎င်းတို့၏ ဆက်လက် စီးနင်းဝင်ရောက်စစ်ဆေးမှုများကြောင့် ဈေးနှုန်းများသိသိသာသာကျဆင်းသွားခဲ့သည်ဟုဆိုသည်။ ဥပမာအားဖြင့် ငရုတ်သီးစိမ်း ၁ ကီလိုဂရမ်လျှင် ယခင်က ရူပီး ၃၅၀ အစား ယခု ၁၂၀ ရူပီးသို့လည်းကောင်း၊ ဘူးသီးချွန်(ဒေသအခေါ် parval) မှာ ယခင်ဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ၇၀ ရူပီးအစား ယခု ၄၀ ရူပီးသို့လည်းကောင်း စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းနှင့် ဘူးခါး၊ ခရမ်းချဉ်သီး၊ပဲဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

မကြာမီကျင်းပသွားရန်ရှိသည့်ပန်ချာယတ်ရွေးကောက်ပွဲပြီးသည်နှင့်တပြိုင်နက် ဈေးနှုန်းများကို ပုံမှန်အခြေအနေအတိုင်းပြန်လည်ဆောင်ရွက်ပေးမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လာမည့်သီတင်းပတ်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေမည်ဖြစ်ပြီး ၁၀ ရက်အတွင်း အဆိုပါဈေးနှုန်းများ လုံးဝတည်ငြိမ်လာမည်ဟု အဆိုပါအထူးလုပ်ငန်းအဖွဲ့မှ ယုံကြည်ထားသည်။ မျှတသော စျေးနှုန်းများရရှိစေရန်နှင့် သိုလှောင်မှုအား တားဆီးရန်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့က တာဝန်ရှိသူများနှင့်အတူလိုက်ပါ၍ Koley ဈေး၊ Rajabazar ဈေးနှင့် Hooghly ရှိ စျေးလေးခုအပါအဝင် ဈေးအများအပြားသို့ ဝင်ရောက်စီးနင်းစစ်ဆေးခဲ့သည်။

၎င်းတို့အဖွဲ့သည် လက်ကားရောင်းချသူများ၊ လက်လီရောင်းချသူများ၊ စီးပွားရေးသမားများ၊ ဖောက်သည်များနှင့် အပြန်အလှန်စုံစမ်းမေးမြန်းပြီး အချက်အလက်များကို စုဆောင်းကာ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို စောင့်ကြည့်လေ့လာခဲ့ကြကြောင်း သိရသည်။ အဆိုပါစီးနင်းမှုများကို လာမည့်ရက်အနည်းငယ်အတွင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နေ့စဉ်အစီရင်ခံစာများကို ပြည်နယ်အတွင်းရေးမှူးထံ တင်ပြလျက်ရှိကြောင်း သိရသည်။

Koley Market သို့ အထူးလုပ်ငန်းအဖွဲ့သွားရောက်စစ်ဆေးစဉ် ဘူးသီးကဲ့သို့ အမျိုးမျိုးသောဟင်းသီးဟင်းရွက်များကို ဂရုတစိုက် စစ်ဆေးခြင်း၊ ကုန်ပစ္စည်းလက်ကျန်များကိုစစ်ဆေးခြင်းနှင့် ဈေးနှုန်းများကိုမှတ်တမ်းတင်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။ လက်ကားရောင်းချသူများက ၎င်းတို့အနေဖြင့် ဟင်းသီးဟင်းရွက်ဖြန့်ဖြူးရောင်းချမှု၌ ကြုံတွေ့ရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဈေးနှုန်းများမြင့်တက်လာစေသည့် အကြောင်းအရင်းများကို ရှင်းပြခဲ့ကြသည်။ အထူးလုပ်ငန်းအဖွဲ့ တာဝန်ရှိသူများအနေဖြင့် စျေးကွက်စစ်ဆေးရေးတွင် အချို့သောလက်ကားရောင်းချသူများ၏ ဈေးနှုန်းနည်းဗျူဟာများနှင့်ပတ်သက်သည့် ပြဿနာအချို့ကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ ၎င်းမှာ လက်ကားရောင်းချသူများသည် လက်လီရောင်းချသူများထံ မှားယွင်းသောအချက်အလက်များကိုပေးကာ တရားမျှတမှုမရှိသော အရောင်းအ၀ယ်များဆီသို့ ဦးတည်လျက်ရှိကြောင်း စုံစမ်းသိရှိခဲ့ရသည်ဟု သတင်းရရှိပါသည်။

ရည်ညွှန်း။ The Times of India

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)