India (Kolkata)

အိန္ဒိယပြည်နယ်အချို့တွင် မုတ်သုံမိုးမညီညာမှုကြောင့် ပဲပုပ်စတင်စိုက်ပျိုးရန် နှောင့်နှေးလျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၏ ပဲပုပ်အဓိကစိုက်ပျိုးရာဒေသများတွင် ခြောက်သွေ့သောရာသီဥတုနှင့် မိုးအလွန်အကျွံရွာသွန်းမှုတို့ကြောင့် ပဲပုပ်စတင်စိုက်ပျိုးရန် နှောင့်နှေးလျက်ရှိကြောင်း သိရသည်။ Maharashtra ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးမှုကို ထိခိုက်စေလျက်ရှိသည်။ မုတ်သုံမိုးမမှန်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအကြောင်းရင်းများကြောင့် အိန္ဒိယနိုင်ငံ၏မိုးရာသီ ဆီထွက်သီးနှံများ၏ဈေးနှုန်းများကို မြင့်တက်လာစေမည်ဟု ခန့်မှန်းရသည်။

Madhya Pradesh ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်မြေများရေနစ်မြုပ်ကာ ပဲပုပ်စိုက်ပျိုးမှုကို နှောင့်နှေးစေပြီး၊ Maharashtra ပြည်နယ်တွင် မုတ်သုံမိုးရွာသွန်းမှုနည်းပါးပြီး ပဲပုပ်စေ့ပျိုးကြဲခြင်းကို ပိုမိုအကျိုးသက်ရောက်စေလျက်ရှိသည်။ မျိုးစေ့ချနှောင့်နှေးခြင်းနှင့် မိုးရွာသွန်းမှုလျော့နည်းခြင်းတို့ကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပဲပုပ်စိုက်ဧရိယာ၏ ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ပဲပုပ်ထုတ်လုပ်မှုနိမ့်ကျမည်ဟူသော ခန့်မှန်းချက်များကြောင့် ပဲပုပ်နှင့်ပဲပိစပ်ဆီ၏ နိုင်ငံတကာဈေးနှုန်းများမြင့်တက်ခဲ့သည်။ Madhya Pradesh နှင့် Maharashtra ပြည်နယ်တို့ရှိ ပြည်တွင်းပဲပုပ်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ စတင်စိုက်ပျိုးမှုနှောင့်နှေးခြင်းကြောင့် သီးနှံအထွက်နှုန်းအပေါ်အကျိုးသက်ရောက်စေပြီး သီးနှံရောက်ရှိမှုကိုလည်း နှောင့်နှေးစေနိုင်သည်။

အချို့သော တောင်သူများအနေဖြင့် ပဲပုပ်အစား ကာလတိုအတွင်းမြန်မြန်ပေါ်သည့် မတ်ပဲနှင့် ပဲတီစိမ်းကို စိုက်ပျိုးရန် ရွေးချယ်လာနိုင်သည်။ ရာသီဥတုအခြေအနေကောင်းမွန်လာခြင်းမရှိပါက သီးနှံစတင်စိုက်ပျိုးရန် ရရှိသည့်အချိန်တိုတောင်းသဖြင့် ပဲပုပ်စိုက်ဧက ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း သိရသည်။ ပဲပိစပ်သည် အိန္ဒိယနိုင်ငံ၏ ဆီထွက်သီးနှံထုတ်လုပ်မှုစုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းရှိပြီး၊ ပြည်တွင်းစားသုံးမှု တစ်နှစ်လျှင် တန်ချိန် ၆ သန်းရှိသည်။ နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအားကို ပြည့်မှီစေရန် ပဲပိစပ်ဆီတန်ချိန် ၃ သန်းမှ ၄ သန်းကို နှစ်စဉ် ပြည်ပမှ ဝယ်ယူတင်သွင်းလျက်ရှိကြောင်း သိရသည်။

ရည်ညွှန်း။ https://www.livemint.com/news/india/delayed-monsoon-and-excess-rainfall hinder-soybean-crop-cultivation-in-india-pushing-up-prices-11688317488702.html

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)