Russia

ရုရှား VTB ဘဏ်သည် အိန္ဒိယရူပီးငွေဖြင့် ငွေစာရင်းအကောင့်များ စတင်ဖွင့်လှစ်ခဲ့

Last Updated:

ရုရှား VTB ဘဏ်သည် ၎င်း၏ဖောက်သည်များအတွက် ရရှိနိုင်သော ငွေကြေးစာရင်းကို တိုးချဲ့လိုက်ပြီး လက်ရှိတွင် ၎င်းတို့သည် အိန္ဒိယရူပီဖြင့် ငွေစာရင်းအကောင့်တစ်ခုဖွင့်ကာ ငွေလဲလှယ်ခြင်းလုပ်ငန်းများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း VTB ဘဏ်ဘုတ်အဖွဲ့၏ ဒုဥက္ကဋ္ဌ Mr. Anatoly Pechatnikov က ပြောကြားခဲ့သည်။

VTB ဘဏ်ဖောက်သည်များသည် အိန္ဒိယရူပီးငွေဖြင့် ငွေစာရင်းဖွင့်လှစ်နိုင်ပြီး VTB ဖောက်သည်များအကြား ရူပီဖြင့် ငွေကြေးလွှဲပြောင်းရန် အခွင့်အလမ်းရှိပြီဖြစ်ကြောင်း၊ ဘဏ်သည် ဒေါ်လာအသုံးပြုမှုလျှော့ချရေးအလားအလာကို ပံ့ပိုးပေးသောကြောင့် ဖောက်သည်များအတွက် သုံးစွဲနိုင်သည့် ငွေကြေးစာရင်းကို အဆက်မပြတ်ချဲ့ထွင်လျက်ရှိပါကြောင်း၊ အိန္ဒိယရူပီးငွေဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုအခြေအနေသည် နိုင်ငံသုံးငွေကြေးဆိုင်ရာအသေးစိတ်အချက်အလက်များအတွက် လက်ရှိငွေပေးချေမှုပုံစံနှင့် တူညီမည်ဖြစ်ကြောင်း Russia-24 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိတွင် VTB ဘဏ်၏ ဖောက်သည်များသည် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ ငွေလွှဲပို့နိုင်ပြီး နှစ်ကုန်ပိုင်းတွင် နိုင်ငံပေါင်း ၃၀ အထိ ၃ ဆနီးပါး တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးခရီးစဉ်များအတွက် ဘဏ်၏ဖောက်သည်များကြားတွင် ဝန်ဆောင်မှုအသစ်များ သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် VTB သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အိန္ဒိယရူပီးတိုက်ရိုက်ငွေပေးချေမှုကို စတင်ခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်များအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအစား ယွမ်၊ ရူပီး၊ ရူဘယ်လ်နှင့် နိုင်ငံသုံးငွေကြေးများဖြင့် လွှဲပြောင်းနိုင်မည့်အခွင့်အလမ်းများပိုမိုရရှိနိုင်ပြီး ကုန်သွယ်မှုမြှင့်တင်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source : https://ria.ru/20230802/rupii-1887752437.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia