India (Delhi)

အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီးဈေးနှုန်းသည် မကြာမီ ၁ ကီလိုဂရမ်လျှင် ၃၀၀ ရူပီး(၁၀၀၀၀ ကျပ်)ခန့်ထိ မြင့်တက်လာဖွယ်ရှိ

Last Updated:

မီးဖိုချောင်သုံးအဓိကသီးနှံဖြစ်သည့် ခရမ်းချဉ်သီးသည် မကြာမီတွင် ၁ ကီလိုဂရမ်လျှင် ၃၀၀ ရူပီးခန့်ထိမြင့်တက်လာနိုင်သည်ဟု လက်ကားကုန်သည်များထံမှ သိရှိရပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန် ရောင်းချရေးကော်မတီ(Agricultural Produce Marketing Committee - APMC)အဖွဲ့ဝင် Kaushik က PTI သတင်းဌာနသို့ ပြောကြားချက်များအရ ခရမ်းချဉ်သီးဈေးနှုန်းမှာ လက်ကားဈေးတွင် တစ်ကီလိုလျှင် ၁၆၀ ရူပီးမှ ၂၂၀ ရူပီးအထိ ဈေးတက်ခဲ့ကြောင်းနှင့် Mother Dairy သည် ၎င်း၏ Safal လက်လီစတိုးဆိုင်များတွင် ဗုဒ္ဓဟူးနေ့က ခရမ်းချဉ်သီးကို တစ်ကီလိုဂရမ်လျှင် ၂၅၉ ရူပီးဖြင့် စတင်ရောင်းချခဲ့သည်ဟု သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အဓိကစိုက်ပျိုးသောဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရောင်းလိုအားပြတ်တောက်မှုများဖြစ်ပေါ်နေပြီး ခရမ်းချဉ်သီးဈေးနှုန်းများ ဖိအားများရင်ဆိုင်နေရသည်မှာ တစ်လကျော်ရှိပြီဖြစ်ကြောင်း၊ Himachal Pradesh ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများကြောင့်  ဟင်းသီးဟင်းရွက်သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲများကြုံနေရပါကြောင်း၊ တောင်သူများထံမှ  ဟင်းသီးဟင်းရွက်တင်ပို့ရာတွင်  ပုံမှန်ထက် ၆ နာရီမှ ၈ နာရီပိုကြာမြင့်သဖြင့် ခရမ်းချဉ်သီးဈေးမှာ ၁  ကီလိုဂရမ်လျှင် ၃၀၀ ရူပီးခန့်အထိ ရောက်ရှိလာနိုင်သည်ဟု နယူးဒေလီမြို့ရှိ Azadpur Mandi ဟင်းသီး ဟင်းရွက်လက်ကားဈေးမှ  ကုန်သည်တစ်ဦးဖြစ်သူ  Sanjai Bhagat က PTI သတင်းဌာနသို့ ပြောကြားထားကြောင်းလည်း သိရှိရပါသည်။

ဇူလိုင်လ ၁၄ ရက်မှစတင်ပြီး အစိုးရမှ ထောက်ပံ့သည့်နှုန်းများဖြင့် ခရမ်းချဉ်သီးကို ရောင်းချစေခြင်းဖြင့် ဈေးနှုန်းတည်ငြိမ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သော်လည်း ဈေးကွက်အတွင်း ခရမ်းချဉ်သီးရှားပါးလာမှုကြောင့် ဈေးနှုန်းများပြန်လည်မြင့်တက်ခဲ့ကြောင်း၊ APMC အဖွဲ့ဝင် Anil Malhotra ၏ ပြောကြားချက်များအရ  ခရမ်းချဉ်သီးဈေးကွက်ဝင်ရောက်မှုနှင့် ဝယ်လိုအား နှစ်ခုလုံးသည် ဈေးကွက်တွင် နည်းပါးနေပြီး ရောင်းချသူများမှာ အခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း၊ ဟင်းသီးဟင်းရွက်တင်ပို့မှုနောက်ကျခြင်း၊ အရည်အသွေးကျဆင်းခြင်း စသည့်အခက်အခဲများနှင့်လည်း  ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် စားသုံးသူများသည် ဈေးနှုန်းကြီးမြင့်မှုကြောင့် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းသီးဟင်းရွက်ဝယ်ယူမှုများ ကျဆင်းလျက်ရှိသည်ဟု သိရှိရပါသည်။

စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ ဗုဒ္ဓဟူးနေ့တွင် ခရမ်းချဉ်သီးလက်လီဈေးသည် တစ်ကီလိုလျှင် ၂၀၃ ရူပီးသာရှိသော်လည်း Mother Dairy ၏ Safal လက်လီဆိုင်များတွင်မူ စျေးနှုန်းမှာ တစ်ကီလိုလျှင် ၂၅၉ ရူပီးဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် အာရှ၏အကြီးဆုံး သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ဈေးကြီးဖြစ်သည့် Azadpur mandi တွင် ခရမ်းချဉ်သီးလက်ကားဈေးသည် အရည်အသွေးပေါ်မူတည်၍ တစ်ကီလိုလျှင် ရူပီး ၁၇၀ မှ ၂၂၀ အထိ ဖြစ်ပေါ်လျက်ရှိကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ ခရမ်းချဉ်သီးဈေးနှုန်းသည် မတ်လနှင့်ဧပြီလတို့တွင် ၁ ကီလိုဂရမ်လျှင် ၃၀ ရူပီးခန့်သာရှိရာမှ အချိန်အခါမဟုတ်မိုးရွာသွန်းမှုများကြောင့် အထွက်နှုန်းလျော့နည်းခြင်းနှင့် ယခုမိုးရာသီစိုက်ပျိုးချိန်တွင်လည်း ရာသီဥတုဖောက်ပြန်မှုများနှင့် ထောက်ပံ့ပို့ဆောင်မှုအခက်အခဲများကြောင့် ဈေးနှုန်းမှာအရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ထောက်ပံ့မှုများဆောင်ရွက်ပေးသကဲ့သို့ ဈေးကွက်အတွင်း ပုပ်သိုးလွယ်သည့်အသီးအနှံများ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရည်အသွေးထိန်းသိမ်းနိုင်ရန်အတွက် အအေးခန်းသိုလှောင်ရုံများပိုမိုတိုးချဲ့နိုင်ရေးနှင့် သယ်ယူပို့ဆောင်ရာတွင်လည်း အအေးခန်းကုန်သေတ္တာများဖြင့် ပို့ဆောင်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မမျှော်မှန်းနိုင်သော ရာသီဥတုဖောက်ပြန်မှုများနှင့်ကြုံတွေ့လာရပါက အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ယင်းကုန်စည်များ၏အရည်အသွေးထိန်းသိမ်းနိုင်ရေး၊ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရေးနှင့် ကြာရှည်သိုလှောင်နိုင်ရေးတို့အတွက် နည်းလမ်းများရှာဖွေ၍ ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Source: Get ready to pay Rs 300 per kilogram for tomato, soon, The Economic Times, 2 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)