India (Delhi)

နိုင်ငံခြားအရန်ငွေလျော့နည်းလာမှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်ဘဏ်များသည် ကုန်သွယ်မှုတွင် ရူပီးငွေကို အသုံးပြုရန် စီစဉ်လျက်ရှိ

Last Updated:

တောင်အာရှနိုင်ငံများ၏ နိုင်ငံခြားအရန်ငွေကို အထောက်ကူပြုစေရန်နှင့် အမေရိကန်ဒေါ်လာကို မှီခိုနေရခြင်းအား လျှော့ချနိုင်ရန်နည်းလမ်းရှာဖွေမှုအနေဖြင့်  ဘင်္ဂလားဒေ့ရှ်ဘဏ်နှစ်ဘဏ်သည် အိန္ဒိယနှင့်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ရူပီးငွေဖြင့်ပေးချေမှုကို စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

State Bank of India နှင့် ICICI Bank တို့တွင် ရူပီးအကောင့်ဖွင့်ထားသော Eastern Bank သည် ရူပီးနှင့်ကုန်သွယ်မှုပြုမည့်အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပါကြောင်းနှင့် အလားတူကုန်သွယ်မှုတွင် ရူပီးဖြင့်ပေးချေနိုင်ရေး‌ဆောင်ရွက်မည့်ဘဏ်မှာ အစိုးရဘဏ်တစ်ခုဖြစ်သည့် Sonali Bank ဖြစ်ပါကြောင်း၊ အဆိုပါဘဏ် ၂ ဘဏ်သည် ဒေါ်လာအပေါ် မှီခိုနေရမှုမှ လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု၏အစိတ်အပိုင်းတစ်ခုအဖြစ် အိန္ဒိယရူပီးကို အသုံးပြုနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းငွေကြေးနှင့်ဒေသသုံးငွေကြေးတို့ကို အသုံးပြုခြင်းသည် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဖွဲ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံခြားငွေလဲလှယ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုတွင် အိန္ဒိယရူပီးအား အသုံးပြုခြင်းသည် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများအတွက် ကုန်ကျစရိတ်သက်သာစေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သကဲ့သို့ ကုန်သွယ်မှုစနစ်ကိုလည်း ပိုမိုလွယ်ကူအဆင်ပြေစေမည်ဟု Eastern Bank ၏မန်နေဂျင်းဒါရိုက်တာဖြစ်သူ Ali Reza Lftekhar က ပြောကြားထားကြောင်းလည်း ဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကိုတင်သွင်းပါကြောင်း၊ အိန္ဒိယသည် တရုတ်နိုင်ငံပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုတိယအများဆုံးကုန်စည်တင်ပို့သည့်နိုင်ငံဖြစ်ပြီး အလားတူကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းထားပါကြောင်း၊ မိမိတို့အနေဖြင့် ယခုဆောင်ရွက်ချက်အရ ကုန်သွယ်မှုတွင် အစောပိုင်းကာလ၌ ချက်ချင်း အမေရိကန်ဒေါ်လာ ၁၅ သန်းရောက်ရှိရမည်ဟု မျှော်လင့်မထားပါကြောင်း၊ သို့ရာတွင် စီးပွားရေးဆောင်ရွက်သူများအတွက် ငွေလဲလှယ်မှုဆုံးရှုံးခြင်းများလျော့နည်းပြီး ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်စေမည်ဖြစ်သည့်အတွက် ကြိုးစား၍ စတင်ဆောင်ရွက်သွားမည်ဖြစ်ဟု Lftekhar က ပြောကြားထားကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့နိုင်ငံ၏နိုင်ငံခြားအရန်ငွေမှာ ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၁.၈၈ ဘီလီယံရှိရာမှ ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့စာရင်းအရ အမေရိကန်ဒေါ်လာ ၃၁.၁၆ ဘီလီယံသို့ လျော့နည်းသွားသည်ကို သိရှိရပါကြောင်း၊ တောင်အာရှနိုင်ငံများသည် နိုင်ငံခြားအရန်ငွေတည်ငြိမ်မှုရှိစေရန်အတွက် ဈေးကွက်ပေါက်ဈေးကို ပိုမိုတွန်းအားပေးဆောင်ရွက်လာပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က နိုင်ငံခြားအရန်ငွေလျော့နည်းလာမှုကို ကာကွယ်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ် Taka နှင့် ရူပီးအသုံးပြု Debit Card များကို စက်တင်ဘာလတွင် စတင်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကတ်များသည် အိန္ဒိယနိုင်ငံ၏ ခရီးသွားလာမှု ကိုတာအောက်တွင် တစ်နှစ်လျှင် အမေရိကန်‌ဒေါ်လာ တန်ဖိုး ၁၂,၀၀၀ နှင့်ညီမျှသည့် ရူပီးငွေသုံးစွဲမှုအား ခွင်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါကတ်များကို အသုံးပြုခြင်းဖြင့် ငွေအပြန်အလှန်လဲလှယ်ရသောကြောင့် ဆုံးရှုံးရသည့်တန်ဖိုးငွေ ၆ ရာခိုင်နှုန်းကို ဖယ်ရှားနိုင်ရန် မျှော်လင့်ထားသည်ဟု ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်သူ Abdur Rouf Talukder က ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source:   Bangladeshi banks plan India rupee transactions as reserves fall, The EconomicTimes, July 7, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)