India (Delhi)

အိန္ဒိယမူဝါဒရေးရာကော်မရှင် NITI Aayog က လယ်ယာစိုက်ပျိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အဆိုပြု

Last Updated:

အိန္ဒိယအစိုးရ၏ မူဝါဒရေးရာကော်မရှင် NITI Aayog က လယ်ယာစိုက်ပျိုးထုတ်လုပ်သူများ၏ဝင်ငွေ သိသာထင်ရှားစွာစဉ်ဆက်မပြတ်တိုးတက်မှု သေချာစေရန်အတွက် လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများကို ပြင်ဆင်ရန်နှင့်ဖြေလျှော့ဆောင်ရွက်ခြင်းများကို အဓိထားဆောင်ရွက်ရန်များအပါအဝင် လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် အဆိုပြုခဲ့ပါကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

NITI Aayog အဖွဲ့ဝင်ဖြစ်သူ Ramesh Chand နှင့်  ယင်းအဖွဲ့၏အကြံပေးပုဂ္ဂိုလ် Jaspal Singh တို့က ၎င်းတို့၏အကြံပြုစာတမ်းတွင် နည်းပညာဦးဆောင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ မရိတ်သိမ်းမီနှင့် ရိတ်သိမ်းချိန်လွန်ကဏ္ဍများတွင် ပုဂ္ဂလိကကဏ္ဍ၏အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်၊ ကုန်စည်ဈေးကွက်များအတွက် ဖြေလျှော့မှုများဆောင်ရွက်ပေးရန်၊ မြေငှားရမ်းသည့်ဈေးကွက်ကို ထိရောက်မှုရှိစေရန်နှင့် အိန္ဒိယဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်နှင့် ၂၁ ရာစု လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ထိရောက်မှုရှိသည့်ဆောင်ရွက်ချက်များကို အဓိကထားဆောင်ရွက်ရန်လိုအပ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

အဆိုပါစာတမ်း၏ ဆောင်ရွက်ပေးရန်လိုအပ်သည့်ကဏ္ဍများအတွက် အသေးစိတ်ဖော်ပြချက်တွင် လယ်ယာကဏ္ဍအတွက် အစိုးရနှင့်ပုဂ္ဂလိကမှ တာဝန်ယူဆောင်ရွက်သင့်သည့် အချက်များနှင့် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးရန်အချက်များကို အဆိုပြုထားကြောင်း သိရှိရပါသည်။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများနှင့် အသိပညာပေးမှုမြှင့်တင်ဆောင်ရွက်ခြင်းများ၊ ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းများ၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် အဖွဲ့အစည်းအသစ်များ၊ ဘက်ပေါင်းစုံပေါင်းစည်းထားသော စားနပ်ရိက္ခာစနစ်အခြေပြု လုပ်ထုံး လုပ်နည်းစနစ်များ ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုပုံစံအသစ်များသည် အပြန်အလှန်အားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စိုက်ပျိုးရေးကဏ္ဍကို ဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

လယ်ယာစိုက်ပျိုး‌ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍကြီးထွားခြင်းကို အလေးထားခြင်းမှ ကုန်ကျစရိတ်အပေါ် ထိရောက်မှုရှိသည့်ထုတ်လုပ်မှုတိုးတက်ခြင်း (a shift emphasis from  growth to Cost effective increase in production )ကို  ပြောင်းလဲဆောင်ရွက်ရန် လိုအပ်သည်ဟု အကြံပြုထားပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ထုတ်ကုန်ပစ္စည်းဈေးကွက်ရရှိရေးနှင့် ဈေးနှုန်းပိုမိုရရှိရေး ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာစီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့မှုများရှိစေရန်အတွက် ပြည်နယ်အလိုက် ယှဉ်ပြိုင်ဆောင်ရွက်မှုများလည်း ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုထားပါသည်။

အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ရောက်ရှိအောင်မြင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်  ၂၀၃၀ ၏ရည်မှန်းချက် ၁၇ ခု  အနက် ၁၁ ခုမှာ  လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်လျက်ရှိသည်ဟုလည်း စာတမ်းတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်း (Minimum Support Price - MSP)သည် ဈေးကွက်ကို လွှမ်းမိုးမှုရှိမည်မဟုတ်ပါကြောင်း၊ ကုန်စည်များအပေါ်တွင် အစိုးရဝယ်ယူရေးအစီအစဉ်နှင့် စျေးနှုန်းကွာခြားချက် (အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းဖြင့်) စိုက်ပျိုးထုတ်လုပ်သူများထံ ပေးချေမှုအစီအစဉ်နှစ်မျိုးလုံးကိုလည်း ကျင့်သုံးဆောင်ရွက်သင့်ကြောင်း ယင်းစာတမ်းမှ အကြံပြုထားပါသည်။ အစိုးရဝယ်ယူရေးအစီအစဉ်သည် ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား ဖြန့်ဖြူးရေးစနစ်အတွက် လိုအပ်သည့်မဟာဗျူဟာအရန်သိုလှောင်မှုပမာဏပြည့်မီရေးအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ပြီး စျေးနှုန်းကွာခြားချက်အားပေးချေခြင်းစနစ်မှာ ဈေးကွက်ပေါက်ဈေးသည် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းထက်လျော့နည်းနေပါက ယင်းနှစ်ခုအကြားကွာခြားချက်ကို အစိုးရက တောင်သူများသို့ ထောက်ပံ့ပေးသည့်စနစ်ဖြစ်ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source : NITI Aayog Calls for a paradigm shift in Agriculture, The Economic Times, July 8, 2023

 (မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)