India (Delhi)

အိန္ဒိယနှင့် တန်ဇန်းနီးယားနိုင်ငံအကြား ကုန်သွယ်မှုငွေပေးချေရေးတွင် ပြည်တွင်းငွေကြေးကို စတင်အသုံးပြု

Last Updated:

အိန္ဒိယနှင့်တန်ဇန်းနီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုငွေပေးချေရေးတွင် ပြည်တွင်းငွေကြေးဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းအစီအစဉ်သည် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်‌ဒေါ်လာ ၆.၄ ဘီလီယံအထိရှိကြောင်း စနေနေ့က စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး S Jaishankar က ပြောကြား ခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် တိုးတက်လျက်ရှိသကဲ့သို့ ကုန်စည်အမယ်သစ်များကိုလည်း တိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် တန်ဇန်းနီးယားနိုင်ငံအတွက် အဓိကပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်သောကြောင့် ကုန်သွယ်မှုတွင်ငွေပေးချေရေး၌ ကိုယ်ပိုင်ငွေကြေးအသုံးပြုနိုင်ရေးသည် အဓိကဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ အိန္ဒိယဘဏ် ၃ ဘဏ်သည် နှစ်နိုင်ငံသုံးငွေကြေးဖြင့် ပေးချေမှုဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း Reserve Bank of India ဘဏ်က ပြောကြားထားပါကြောင်း၊ တန်ဇန်းနီးယား ရှိလင်(Shillings)ငွေကြေးနှင့် အိန္ဒိယငွေကြေး ရူပီးကို ငွေပေးချေမှုအချို့တွင် စတင်အသုံးပြုခဲ့ပြီးဖြစ်ပါကြောင်းနှင့် ထိုငွေပေးချေမှုများသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းစဉ်အသစ်ကို လုံးဝအထောက်အကူပြုစေမည်ဖြစ်ပါကြောင်းနှင့် Bank of India ၊ Bank of Baroda နှင့် Canara Bank တို့သည် တန်ဇန်းနီးယားတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု ပြည်ပရေးရာဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယ Reserve Bank of India နှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်းများ၊ ဘဏ်များမှ တာဝန်ရှိသူများအား ပို့ကုန်၊ သွင်းကုန်ငွေပေးချေမှုများတွင် ရူပီးကို အသုံးပြုရန်နှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများတွင် လက်ရှိအများဆုံးအသုံးပြုနေသော အမေရိကန်ဒေါ်လာအစား အိန္ဒိယငွေကြေးကို အသုံးပြုနိုင်ရေးအတွက် ပြည်ပရှိ ၎င်းတို့၏မိတ်ဖက်ဘဏ်များနှင့်ချိတ်ဆက်၍ Special rupee Vostro အကောင့်များဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် ပြီးခဲ့သည့်နှစ်က တိုက်တွန်းပြောကြားထားပါကြောင်းနှင့် နိုင်ငံ ၁၈ နိုင်ငံခန့်သည် အိန္ဒိယဘဏ်များနှင့် Special Vostro Accounts များဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

အိန္ဒိယနှင့် အာဖရိကနိုင်ငံအများအကြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၉၈ ဘီလီယံခန့် ရှိပါကြောင်း၊ အာဖရိကနိုင်ငံများတွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ၇၅ ဘီလီယံခန့်ရှိပြီး  ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုများတွင် အာဖရိကနှင့် တိုးမြှင့်ဆောင်ရွက်နိုင်ရန် နှစ်ဖက်လုံးက မျှော်လင့်လျက်ရှိကြောင်းနှင့် အာဖရိကနှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် အာဖရိကနိုင်ငံများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေမည်ဟု ပြည်ပရေးရာဝန်ကြီးဌာနက ပြောကြားထားကြောင်းသိရှိရပါသည်။

နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရန်လည်း လိုအပ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တန်ဇန်းနီးယားနိုင်ငံသည် မတူညီသည့်ကဏ္ဍများအတွက် ကုန်စည်ပြပွဲကြီး ၈ ခုကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source: India and Tanzania started trade settlements in local currencies: S Jaishankar, The Economic Times, 8 July, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

 

 

Category: India (Delhi)