India (Kolkata)

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ပျိုးမှုအတွက် အထောက်အကူရသော်လည်း ကျန်သီးနှံများစိုက်ပျိုးရန်အခက်တွေ့လျက်ရှိ

Last Updated:

မကြာသေးမီက အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် စပါးစိုက်ပျိုးမှုကို အထောက်ကူပြုလျက်ရှိသော်လည်း ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအပါအဝင် ကျန်သီးနှံများကို စတင်စိုက်ပျိုးရန် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း အစိုးရအရင်းအမြစ်များက ဖော်ပြ သည်။ ရှေ့ယခင်ကတည်းက ဟင်းသီးဟင်းရွက်များကို အစဉ်အဆက်စိုက်ပျိုးလာကြသည့် မြစ်နားနီးသော ဒေသများတွင် သီးနှံပျက်စီးမှုများရှိသည်မှအပ ကျန်ပြည်နယ်များ၌ သိသိသာသာထိခိုက်ပျက်စီးမှုများနှင့် တွေ့ကြုံရသည့်သတင်းများကို လက်ခံရရှိထားခြင်းမရှိကြောင်း သိရသည်။

မိုးရေကောင်းမွန်လုံလောက်စွာရရှိသည့်အချိန်တွင် စပါးပျိုးပင်များကိုစိုက်ပျိုးသည့်နည်းလမ်း (paddy transplantation) ကို အသုံးပြုစိုက်ပျိုးခြင်းသည် မြန်မြန်ဆန်ဆန်သီးနှံတိုးတက်ဖြစ်ထွန်းစေသည်ဟု စိုက်ပျိုးရေးမင်းကြီး P K Singh က ပြောကြားခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသများဖြစ်ကြသော Uttar Pradesh ၊ Bihar၊ Jharkhand ၊ Chhattisgarh ၊ West Bengal နှင့် Odisha ပြည်နယ်တို့တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ဆန်စပါးစိုက်ပျိုးမှုအပေါ် ထိခိုက်နိုင်ဖွယ်ရှိကြောင်းနှင့် စပါးသီးနှံဖြစ်ထွန်းမှုကို လျော့ပါးမှုမရှိစေရန် ဩဂုတ်လ ပထမပတ်၌ မိုးရေလုံလောက်စွာရရှိရန် လိုအပ်ကြောင်း NCML ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အမှုဆောင်အရာရှိချုပ် Sanjay Gupta က ပြောကြားခဲ့သည်။

ဆီထွက်သီးနှံနှင့် ပဲမျိုးစုံနှင့်ပတ်သက်၍ Singh က ပြောကြားရာတွင် အိန္ဒိယတောင်ပိုင်းဒေသများ၌ မိုးရေရရှိမှုနည်းပါးသည့်အတွက် စပါးစိုက်ပျိုးမှုကို နှောင့်နှေးစေနိုင်ကြောင်း၊ သို့သော် မိုးရေရရှိမှု တဖြည်းဖြည်းများပြားလာသည်နှင့်အမျှ စိုက်ပျိုးမှုအခြေအနေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ လတ်တလောတွင် မည်သည့်ပြည်နယ်ထံကမျှ သီးနှံများထိခိုက်မှုနှင့်ပတ်သက်သည့် တရားဝင်သတင်းများကို လက်ခံရရှိထားခြင်းမရှိသေးဟု ပြောကြားခဲ့သည်။

နိုင်ငံ၏မြောက်ပိုင်းဒေသများတွင် မမျှော်လင့်သောမိုးရွာသွန်းမှုအခြေအနေများကြောင့် အထူးသဖြင့် Uttarakhand ၊ Himachal Pradesh ၊ Punjab ပြည်နယ်နှင့် Uttar Pradesh ပြည်နယ်၏ ဒေသအချို့၌ ဆည်ရေများလျှံခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းဒေသများ၌ သီးနှံများပြန်လည်စိုက်ပျိုးရန်လိုအပ်ပြီး၊ ပြောင်း၊ bajra၊ တိရိစ္ဆာန်အစာအတွက်သီးနှံများနှင့် ပဲမျိုးစုံ အထူးသဖြင့် မတ်ပဲကို ရာသီနှောင်းချိန်၌ စိုက်ပျိုးသွားရန်လိုကြောင်း စိုက်ပျိုးရေးနည်းပညာဝန်ဆောင်မှုလုပ်ငန်း LeadsConnect Services Pvt. Ltd ၏ ဥက္ကဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Navneet Ravikar က ပြောကြားခဲ့သည်။

ယခုနှစ်မိုးရာသီတွင် အိန္ဒိယနိုင်ငံ၏သီးနှံအားလုံး၏ စိုက်ဧကသည် ဟက်တာ ၄၂၁ ဒဿမ ၆၄ သိန်းရှိပြီး ယခင်နှစ်ကာလတူတွင် ဟက်တာ ၄၄၅ ဒဿမ ၉၄ ရှိခဲ့သည့်အတွက် ၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်းနှင့် စပါးစိုက်ပျိုးမှုမှာ ဟက်တာ ၇၀ ဒဿမ ၅၉ သိန်းရှိပြီး ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ယခုလ ၉ ရက်နေ့အထိ ရရှိသောစာရင်းများအရသိရသည်။ သို့သော် အချို့ပြည်နယ်များတွင် စပါးပျိုးပင်များစိုက်ပျိုးခြင်းကို စက်တင်ဘာလအထိ တိုးချဲ့စိုက်ပျိုးသွားရန်ရှိကြောင်း သိရသည်။ လွန်ခဲ့သောသီတင်းပတ်အထိ ပဲပုပ်စိုက်ပျိုးမှုမှာ ပုံမှန်စိုက်ဧရိယာ ဟက်တာ ၁၁၇ ဒဿမ ၄၄ သိန်း၏ ၅၄ ရာခိုင်နှုန်းအထိ စိုက်ပျိုးပြီးဖြစ်ကာ ပဲစိုက်ပျိုးမှုမှာ ဟက်တာ ၄၅ ဒဿမ ၃၂ သိန်းရှိပြီး ယခင်နှစ်ကထက် ၁၈ ရာခိုင်နှုန်းခန့် အသီးသီးလျော့ကျခဲ့ကြောင်း သိရသည်။

ထို့အပြင် Uttar Pradesh ပြည်နယ်၏ ခရိုင်အချို့တွင် မကြာသေးမီက မိုးရွာသွန်းမှုအခြေအနေများကြောင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုကို ထိခိုက်စေခဲ့သည့်အတွက် ငရုတ်သီး၊ ဟင်းနုနွယ်၊ နံနံပင်၊ ခရမ်းသီးနှင့် ရုံးပတီသီးများစိုက်ပျိုးထွက်ရှိမှုနည်းပါးခဲ့ကြောင်း၊ ယင်းကြောင့် ဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်ခြင်းမျိုးကို ဖြစ်စေနိုင်သည်ဟု သိရသည်။

Yara ဓါတ်မြေဩဇာကုမ္ပဏီ၏ တောင်အာရှဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Sanjiv Kanwar က တောင်သူလယ်သမားများအနေဖြင့် ကောင်းမွန်သော သီးနှံစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေရရှိရေးကို ဆောင်ရွက်မှသာ နောက်ထပ်သီးနှံဆုံးရှုံးမှုများမရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် စက်တင်ဘာလအထိ မိုးရေရရှိမှုနည်းပါးနေဦးမည်ဆိုပါက တောင်သူများအနေဖြင့် ကာလတိုအတွင်း ဖြစ်ထွန်းပေါ်ပေါက်နိုင်သော သီးနှံများကို ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။ အယ်နီညိုကြောင့် စက်တင်ဘာလအထိ မိုးရွာသွန်းမှုလုံလုံလောက်လောက်မရရှိပါက နွေသီးနှံစိုက်ပျိုးရန် လုံလောက်သော မြေဆီလွှာစိုစွတ်မှုကို မရရှိနိုင်သည့်အတွက် ဂျုံသီးနှံစိုက်ပျိုးမှုအပေါ် ထိခိုက်စေနိုင်သည့် အလားအလာရှိကြောင်း သိရသည်။

ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖေါက်ပြန်မှုများကို အိန္ဒိယနိုင်ငံတွင်သာမက မြန်မာနိုင်ငံအပါအဝင် ကျန်ကမ္ဘာ့နိုင်ငံအသီးသီးတွင် လတ်တလောရင်ဆိုင်နေကြရသည်။ အထူးသဖြင့် စိုက်ပျိုးရေးကို ဇောက်ချလုပ်ကိုင်သော နိုင်ငံများတွင် သိသာသောထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ရာသီဥတုမမှန်မှုကြောင့် သီးနှံစိုက်ပျိုးထွက်ရှိအပေါ် များစွာသက်ရောက်စေပြီး၊ အထွက်နှုန်းကျဆင်းစေခြင်း၊ ယင်းမှတစ်ဆင့် ဝယ်လိုအားကို ပြည့်မှီအောင်မဖြည့်ဆည်းနိုင်ပါက ဈေးနှုန်းများတက်ကာ ငွေကြေးဖေါင်းပွမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုအခြေအနေကို တွက်ဆလျက် စပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေပုံမှန်ရရှိအောင် စီမံလုပ်ဆောင်ခြင်း၊ သီးထပ်၊ သီးညှပ်များစိုက်ပျိုးခြင်းတို့ကဲ့သို့ စီမံခန့်ခွဲလုပ်ကိုင်နိုင်မှသာ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံပြီး၊ ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။

ရည်ညွှန်း။ The Hindu Businessline၊ Heavy rainfall may not impact Indian paddy, but other crops’ sowing may be delayed

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

 

Category: India (Kolkata)