India (Delhi)

အိန္ဒိယသည် ဆန်အမျိုအစားများစွာ တင်ပို့မှုကို ပိတ်ပင်နိုင်သည်ဟု The Economic Times သတင်းစာက သုံးသပ်

Last Updated:

အစားအသောက်နှင့် ကုန်ဈေးနှုန်းများ တစ်ရှိန်ထိုးမြင့်တက်လာပြီးနောက် အိန္ဒိယသည် ဆန်အမျိုးအစားများစွာအား တင်ပို့မှုပိတ်ပင်ရန် စဉ်းစားလျက်ရှိသည်ဟု Bloomberg သတင်းဌာနက အစီရင်ခံတင်ပြထားကြောင်းနှင့် ကမ္ဘာဆန်တင်ပို့မှုအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံ၏ ယခုဆောင်ရွက်ချက်သည် အယ်နီညို၏ရိုက်ခတ်မှုကြောင့် ဈေးနှုန်းကြီးမြင့်နေသည့် အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းကို ပိုမိုမြင့်တက်စေမည်ဖြစ်ပါကြောင်း The Economic Times သတင်းစာက သုံးသပ်ထားပါသည်။

ဝန်ကြီးချုပ် နာရိန်ဒြာမိုဒီ ဦးဆောင်သည့်အစိုးရသည် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်များကို ရွေးကောက်ပွဲမတိုင်မီရှောင်ရှားလိုကြကြောင်းနှင့် ဘာစမာဒီမဟုတ်သည့်ဆန်များ၏ ပြည်ပတင်ပို့မှုပိတ်ပင်မည့်အစီအစဉ်အား ဆွေးနွေးလျက်ရှိကြောင်း၊ ဆန်တင်ပို့မှုတားမြစ်ချက်သည် အိန္ဒိယနိုင်ငံမှတင်ပို့သည့် ဆန်အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်အား သက်ရောက်မှုရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းဆောင်ရွက်ချက်သည် အိန္ဒိယပြည်တွင်းဆန်ဈေးနှုန်းကို ကျဆင်းစေနိုင်သော်လည်း ကမ္ဘာ့ဆန်ဈေးနှုန်းကိုမူ အပျက်သဘောဆောင်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဆန်အဓိကစိုက်ပျိုးသည့်ပြည်နယ်များတွင် ပုံမှန်မိုးရွာသွင်းမှုမရှိခြင်းကြောင့် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဆန်ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်စေခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယမှ တင်ပို့လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဆန် တန်ချိန် ၅၆ သန်းတင်ပို့ခဲ့ပါကြောင်း၊ သို့ရာတွင် ကုန်ပစ္စည်းလက်ကျန်လျော့နည်းခြင်းနှင့် တင်ပို့မှုများလျှော့ချခြင်းသည် ပြီးခဲ့သည့်နှစ်တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခများကြောင့် ဈေးနှုန်းမြင့်တက်နေသည့် စားသောက်ကုန်ဈေးနှုန်းများကို ပိုမိုကြီးမြင့်စေမည်ဖြစ်ပါကြောင်း၊ ဆန်အတွက် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းအသစ်ချမှတ်မှုကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်းတက်လာသကဲ့သို့ အခြားသောဆန်တင်ပို့သည့်နိုင်ငံများကလည်း ဈေးနှုန်းမြှင့်တင်လာကြပါကြောင်း၊ ဆန်သည် လူဦးရေ ၃ ဘီလီယံကျော်အတွက် အခြေခံစားသောက်ကုန်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေလိုအပ်ချက်များသည့် ဆန်စပါးစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အာရှတိုက်တွင် စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင် အယ်နီညိုကြောင့် မိုးရွာသွန်းမှုမှာ ပုံမှန်ထက်နည်းပါးလျက်ရှိကြောင်းလည်း သိရှိရပါသည်။

ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယသည် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပါကြောင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခများကြောင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဂျုံနှင့်ပြောင်းဈေးနှုန်းများ တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီးနောက် ဆန်ဖြူနှင့်ဆန်လုံးညိုတင်ပို့မှုအပေါ်တွင် အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံခဲ့ပါကြောင်း၊ အိန္ဒိယအနေဖြင့်  ဂျုံနှင့်ကြံတင်ပို့မှုများကိုလည်း တားမြစ်ထားပါကြောင်းနှင့် တင်သွင်းသူများသည် အယ်နီညိုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် အခြေခံစားကုန်များသိုလှောင်ခြင်းများ ဆောင်ရွက်လာသောကြောင့် အာရှတိုက်တွင် ဆန်ဈေးနှုန်းမှာ နှစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးသို့ တစ်ဟုန်ထိုးရောက်ရှိခဲ့ပါကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယခုနှစ်တွင် အိန္ဒိယသည် ဆန်တင်ပို့မှုအား ပိတ်ပင်ခဲ့ပါက ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ကြီးမြင့်လာမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှဆန်များ ပြည်ပတင်ပို့နိုင်ရန်အတွက်လည်း အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်ပါသည်။ သို့ရာတွင် ပြည်ပသို့ဆန်တင်ပို့မှုများပါက ပြည်တွင်းဆန်ဈေးနှုန်းမှာလည်း မြင့်တက်လာပြီး အခြေခံပြည်သူလူထုအပေါ် သက်ရောက်မှုရှိလာနိုင်သဖြင့် ပြည်ပဆန်တင်ပို့မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်သကဲ့သို့ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကိုလည်း စီမံဆောင်ရွက်ထားသင့်ပါကြောင်း တင်ပြအပ်ပါသည်။

Source: India may ban exports of most rice varieties: Report, The Economic Times,  13 July , 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)