India (Delhi)

အိန္ဒိယစားသုံးသူများအတွက် သြစတြေးလျနှင့် ဘရာဇီးလ်နိုင်ငံတို့မှ ပဲစဉ်းငုံစိုက်ပျိုးသွားမည်

Last Updated:

နှစ်အနည်းငယ်တိုင်အောင် ပြည်တွင်းပဲထုတ်လုပ်မှုထက် စားသုံးမှုပိုမိုများပြားနေသော အိန္ဒိယစားသုံးသူဈေးကွက်အတွက် သြစတြေးလျနှင့် ဘရာဇီးလ်နိုင်ငံမှတောင်သူများသည် ပဲစဉ်းငုံကို စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

သြစတြေးလျစိုက်ပျိုးရေးဝန်ကြီး Murray Watt နှင့် အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း(Indian Pulses and Gains Association -IPGA)မှ ကိုယ်စားလှယ်များ မကြာခင်က တွေ့ဆုံခဲ့ကြပါကြောင်းနှင့် သြစတြေးလျပဲကုန်သည်အသင်း၏ အကူအညီနှင့်အတူ သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်တွင် ပဲစဉ်းငုံစိုက်ပျိုးနိုင်ရေးအတွက်  IPGA မှ  လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အဆင့်မြင့်အရာရှိကြီးများထံမှ သိရှိရပါကြောင်း၊ ထိုအပြင် သြစတြေးလျနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ကုလားပဲအများဆုံး တင်သွင်းနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ယခုအခါအိန္ဒိယသည် ကုလားပဲအားတင်သွင်းခြင်းမရှိတော့သဖြင့် ပဲစဉ်းငုံအား စိုက်ပျိုးသင့်သည်ဟု သြစတြေးလျလုပ်ငန်းရှင်များကို အကြံပြုခဲ့သည်ဟုလည်း အဆင့်မြင့်အရာရှိကြီးက The Economic Times သတင်းစာသို့ ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

IPGA ၏ အမှုဆောင်အရာရှိဖြစ်သူ Satish Upadhyay ကလည်း သြစတြေးလျနိုင်ငံသည် ၂၀၁၉ ခုနှစ်ကတည်းက ပဲစဉ်းငုံကို စမ်းသပ်စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်းနှင့် အရည်အသွေးမှာ ကောင်းမွန်မှုရှိပါကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံရှိ ပဲဈေးနှုန်းများမှာ ၎င်းတို့အတွက် ဆွဲဆောင်နိုင်မှုမရှိသဖြင့် ဆက်လက်စိုက်ပျိုးခြင်းမရှိခဲ့ပါကြောင်း၊ ယခုအခါ အိန္ဒိယဈေးကွက်အတွက် ပဲစဉ်းငုံကို ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် သြစတြေးလျဘက်မှ အိန္ဒိယအစိုးရ၏အမှာစာများ ခိုင်မာမှုရှိစေလိုကြပါကြောင်းနှင့် သို့မှသာ ပဲစဉ်းငုံစိုက်ပျိုးမှုအစီအစဉ်မှာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း အိန္ဒိယနိုင်ငံ၏ပဲစဉ်းငုံထုတ်လုပ်မှုနှင့် စားသုံးမှုအကြား ကွာဟချက်မှာ တန်ချိန် ၁၇ သိန်းခန့်ရှိသဖြင့် ပဲစဉ်းငုံရောင်းချသူမည်သူမဆိုအတွက် ဈေးကွက်မှာခိုင်မာမှုရှိသည်ဟု အရာရှိကြီးက ပြောကြားထားကြောင်းလည်း ဖော်ပြထားပါသည်။

ယခုနှစ်အစောပိုင်းတွင်လည်း IPGA သည် ပဲစဉ်းငုံစိုက်ပျိုးမှုကို ကူညီရန်အတွက် ဘရာဇီးလ်နှင့် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါကြောင်းနှင့် ပဲစဉ်းငုံသည် ဘရာဇီးနိုင်ငံအတွက် သီးနှံအသစ်ဖြစ်ကြောင်း The Economic Times ကဖော်ပြထားပါသည်။

The Economic Times သတင်းစာတွင် ဖော်ပြချက်များအရ အိန္ဒိယနိုင်ငံသည် ပဲစဉ်းငုံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နည်းလမ်းမျိုးစုံရှာဖွေလျက်ရှိပြီး ဖြစ်နိုင်ခြေအလားအလာရှိသည့်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း၍ သဘောတူညီမှုများ ရယူဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ လတ်တလောတွင် သြစတြေးလျနှင့်ဘရာဇီးလ်တို့မှာ ပဲစဉ်းငုံကို စမ်းသပ်စိုက်ပျိုးမည့်အဆင့်သာရှိသေးသဖြင့် စိုးရိမ်စရာမရှိသော်လည်း ပဲဈေးကွက်ခိုင်မာမှုရှိ၍ အဆိုပါနိုင်ငံများမှ ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်ပြီး ပဲစဉ်းငုံအမြောက်အများစိုက်ပျိုးထုတ်လုပ်လာမည်ဆိုပါက မြန်မာနိုင်ငံ၏ပဲစဉ်းငုံဈေးကွက်အပေါ် သက်ရောက်မှုများရှိလာနိုင်သဖြင့် လေ့လာစောင့်ကြည့်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source : Australia, Brazil to grow Arhar dal for Indian Consumers, The economic Times, 14 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)