India (Delhi)

အိန္ဒိယအစိုးရသည် ကြက်သွန်နီအရန်သိုလှောင်မှုအနေဖြင့် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပြီး တန်ချိန် ၃ သိန်း ဝယ်ယူသွားမည်

Last Updated:

အိန္ဒိယအစိုးရသည် ကြက်သွန်နီအရန်သိုလှောင်မှုအနေဖြင့် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၃ သိန်းဝယ်ယူသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ ကြက်သွန်နီအားပိုမို ကြာမြင့်စွာသိုလှောင်ထားရှိနိုင်ရန်အတွက် Bhadha အဏုမြူသုတေသနစင်တာနှင့်အတူ အဏုမြူဓာတ်ရောင်ခြည်ပေးစပ်းသပ်ခြင်းများကို ဆောင်ရွက်နေကြောင်း စားသုံးသူရေးရာဌာနအတွင်းဝန်ဖြစ်သူ Rohit Kumar က တနင်္ဂနွေနေ့တွင် ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယအစိုးရက ကြက်သွန်နီအရန်သိုလှောင်မှုအနေဖြင့် တန်ချိန် ၂.၅၁ သိန်းဝယ်ယူသိုလှောင်ခဲ့ပါကြောင်း၊ အဆိုပါကြက်သွန်အရန်ဝယ်ယူမှုကို ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေ(Price Stabilization Fund - PSF) အောက်မှ ဝယ်ယူခြင်းဖြစ်ပါကြောင်းနှင့် ကြက်သွန်နီရာသီချိန်မဟုတ်သည့် အထွက်နှုန်းနည်းပါးသည့်အချိန်တွင် ဈေးနှုန်းများကြီးမြင့်ခြင်းကဲ့သို့သော လတ်တလောအရေးပေါ်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပါကြောင်း၊ ပွဲတော်အချိန်ကာလလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ကြက်သွန်နီအရန်တန်ချိန် ၃ သိန်းထိ တိုးမြှင့်ဝယ်ယူထားသဖြင့် ယခုနှစ်တွင် ကြက်သွန်နီနှင့်စပ်လျဉ်းပြီး စိုးရိမ်စရာမရှိဟု Singh က ပြောကြားထားကြောင်း သိရှိရပါသည်။

ဆောင်းရာသီကြက်သွန်နီအရန်သိုလှောင်ရန် ဝယ်ယူမှုမှာ ပြီးမြောက်ပြီးဖြစ်ပါကြောင်းနှင့် ယခုအခါ မိုးရာသီကြက်သွန်မှာ စိုက်ပျိုးနေဆဲဖြစ်ပြီး အောက်တိုဘာလတွင် ဈေးကွက်အတွင်း စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် မိုးကြက်သွန်များဈေးကွက်မရောက်ရှိမီ ရက် ၂၀ ခန့်အလို၌ လက်လီဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းမှာ ကြီးမြင့်လေ့ရှိသော်လည်း ယခုနှစ်တွင် ထိုကဲ့သို့အခက်အခဲမျိုးရှိမည်မဟုတ်ကြောင်း၊ တစ်ချိန်တည်းတွင် စားသုံးသူရေးရာဝန်ကြီးဌာန၊ Bhadha အဏုမြူစွမ်းအင်သုတေသနဌာနနှင့် အဏုမြူစွမ်းအင်ဦးစီးဌာနတို့ပူးပေါင်း၍  ကြက်သွန်နီသိုလှောင်သည့်နည်းပညာကို စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့ပြေးစမ်းသပ်မှုအဖြစ် ကြက်သွန်နီတန်ချိန် ၁၅၀ ကို ကိုဗော့သတ္တု - ၆၀ မှ ဂမ္မာဓာတ်ရောင်ခြင်ဖြင့် စမ်းသပ်ခြင်းအား Maharashtra ပြည်နယ်၊ Lasalgaon မြို့တွင် ဆောင်ရွက်ထားပါကြောင်းနှင့် ကြက်သွန်နီသိုလှောင်နိုင်မှုကာလကို ပိုမိုဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း Singh က ပြောကြားထားပါသည်။

အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီစိုက်ပျိုးထွက်ရှိမှု၏ ၆၅ ရာခိုင်နှုန်းမှာ ဧပြီလနှင့်မေလအတွင်းထွက်ရှိသည့် ဆောင်းကြက်သွန်မှဖြစ်ပြီး ယင်းကြက်သွန်နီများသည် မိုးကြက်သွန်ထွက်ရှိသည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများအထိ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါကြောင်း၊ အစိုးရ၏စာရင်းအင်းအချက်အလက်ဖော်ပြချက်များအရ အိန္ဒိယနိုင်ငံအနှံ့ ပျမ်းမျှကြက်သွန်နီ လက်လီဈေးနှုန်းမှာ ဇူလိုင် ၁၅ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၂၆.၇၉ ရူပီး (900 ကျပ်ခန့်ရှိပြီး အများဆုံးဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၆၅ ရူပီး(၂၂၇၅ ကျပ်ခန့်) မှ အနည်းဆုံးဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၀ ရူပီး(၃၅၀ ကျပ်ခန့်)ဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် ပြည်သူလူထုအပေါ်သက်ရောက်မှုရှိနိုင်သည့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ရန်ပုံငွေဖြင့် ကြိုတင်ဝယ်ယူစုဆောင်းသိုလှောင်ထားလေ့ရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် စိုက်ပျိုးရေးသီးနှံများကြာရှည်သိုလှောင်ထားရှိနိုင်ရေး စမ်းသပ်ဆောင်ရွက်ခြင်းသည် စိုက်ပျိုးရေးထုတ်ကုန်များအတွက် လေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ပြီး ပြည်ပဈေးကွက်ရရှိမှုတို့အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင်လည်း သင့်လျော်သည့်သီးနှံသိုလှောင်သည့်စနစ်များကို စမ်းသပ်ဆောင်ရွက်သင့်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။

Source: Govt procures 3 lakh tonnes of onion for buffer stock; 20% higher than last year, The Economic Times, 16 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)