India (Delhi)

ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့မှုကို အိန္ဒိယတားမြစ်ပိတ်ပင်

Last Updated:

အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့မှုကိုတားမြစ်သည့်အမိန့်ကြေညာစာကို ကြာသတေးနေ့က ထုတ်ပြန်ခဲ့ကြောင်း The Economic Times သတင်းစာတွင်  ဖော်ပြထားပါသည်။

သို့ရာတွင် ယခုကြေညာချက်မတိုင်မီ သင်္ဘောတင်ဆောင်မှုများစတင်နေခြင်းကဲ့သို့သော ဆောင်ရွက်နေဆဲအခြေအနေများတွင် ဆန်တင်ပို့မှုများကို ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုတားမြစ်ချက်သည် အိန္ဒိယနိုင်ငံဆန်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းခန့်အား သက်ရောက်မှုရှိနိုင်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယပြည်တွင်းဆန်ဈေးနှုန်းကို ကျဆင်းစေနိုင်သော်လည်း ကမ္ဘာ့ဆန်ဈေးကွက်ကိုမူ ပြောင်းပြန်အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ဆန်အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသများတွင် ပုံမှန်မိုးရွာသွန်းမှုမရှိသဖြင့် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဆန်ဈေးနှုန်းမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း The Economic Times က ဖော်ပြထားပါသည်။

ယခုတစ်ပတ်အတွင်း ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုမှာ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အများဆုံးအနေအထားသို့ မြင့်တက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ရောင်းအားကောင်းလာခြင်းမှာ အယ်နီညိုရာသီဥတုပုံစံကြောင့်ဖြစ်ကြောင်း၊ အခြားတစ်ဘက်တွင်အိန္ဒိယသည် အယ်နီညိုကြောင့် ယခုကဲ့သို့ ဆန်တင်ပို့မှုပိတ်ပင်ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနကလည်း ဖော်ပြထားကြောင်းနှင့် ယခုကဲ့သို့ဆန်တင်ပို့မှုတားမြစ်ခြင်းသည် ကမ္ဘာ့ဆန်ဈေးနှုန်းကို ပိုမိုမြင့်တက်စေမည်ဟု ဆန်ကုန်သည်များက ပြောကြားထားပါကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သည့် အိန္ဒိယသည် ဆန်ထွက်ရှိမှုအပေါ်စိုးရိမ်သည့်အတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလလယ်တွင် ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများစွာအပေါ်တွင်လည်း အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

ဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ B.V. Krishna Rao က အစိုးရ၏ စပါးဝယ်ယူမှုဈေးနှုန်း တိုးမြှင့်လိုက်ခြင်းသည် ဆန်ဈေးနှုန်းကို မြင့်တက်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပါကြောင်း၊ သို့ရာတွင် အစိုးရသည် ပြည်သူလူထုသက်သာချောင်ချိရေးအစီအမံအတွက် လိုအပ်သည့်ပမာဏထက် ဆန်ကိုပိုမိုဝယ်ယူသိုလှောင်ထားပါကြောင်းနှင့် ဆန်တင်ပို့မှုပိတ်ပင်ရန် လိုအပ်ခြင်းမရှိဟု ရိုက်တာသတင်းဌာနသို့ ပြောကြားထားကြောင်း သိရှိရပါသည်။

အိန္ဒိယ၏ဆန်တင်ပို့မှုဈေးနှုန်းသည် ၇ ပတ် ဆက်တိုက်တိုးမြှင့်ရရှိခဲ့ပါကြောင်းနှင့် နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုကို ဟန့်တားရန်အတွက် ဆန်အမျိုးအစားများစွာတင်ပို့မှုအား တားမြစ်ပိတ်ပင်ရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဆန်ရောင်းချမှုလျော့နည်းလာသည့် ပြီးခဲ့သည့်အပတ်တွင်  ဆန်ဈေးနှုန်းမှာ ၅ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယ၏ ဘာစမာတီဆန်မှအပ ဆန်မျိုးစုံတင်ပို့မှုအား ပိတ်ပင်လိုက်ခြင်းသည် ကမ္ဘာ့ဆန် ဈေးကွက်ကို ကြီးမားစွာရိုက်ခတ်မှုများရှိလာနိုင်သကဲ့သို့ မြန်မာနိုင်ငံမှဆန်များ ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက် အခွင့်အလမ်းကောင်းဖြစ်ပါသည်။ သို့ရာတွင် ပြည်တွင်းစိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့် စားနပ်ရိက္ခာဖူလုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ်ရပါသည်။

Source: India bans export of non-basmati white rice, The Economic Times, July 20, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)