India (Delhi)

မုတ်သုံရာသီ ပုံမှန်မိုးရွာသွန်းမှုရှိသော်လည်း အိန္ဒိယလယ်ယာစိုက်ပျိုးရေးသမားများ စိုးရိမ်လျက်ရှိ

Last Updated:

အယ်နီညိုကြောင့် ယခုနှစ်တွင် မိုးရွာသွန်းမှုလျော့နည်းနိုင်သော်လည်း အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီစတင်သည့် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး မိုးရွာသွန်းမှုမှာ ပုံမှန်အတိုင်းဖြစ်ပါကြောင်း၊ မုတ်သုံရာသီဝင်ရောက်မှုအနည်းငယ်နောက်ကျခဲ့သဖြင့် ဇွန်လအလယ်တွင် မိုးရွာသွန်းမှုမှာ ပုံမှန်ထက်များစွာလျော့နည်းခဲ့သော်လည်း ပြီးခဲ့သည့်အပတ်က မိုးအမြောက်အများရွာသွန်းခဲ့သဖြင့် ပုံမှန်အခြေအနေဟု ပြောဆိုနိုင်ပါ‌ကြောင်းနှင့် မုတ်သုံရာသီတွင် ပုံမှန်မိုးရွာသွန်းမှုများသည် ယေဘုယျအားဖြင့် အိန္ဒိယတောင်သူလယ်သမားများအတွက် ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း ယခုနှစ်တွင် ပြည်နယ်များ၌ မိုးရွာသွန်းမှုမညီမျှမှုများကြောင့် စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံတွင် အချို့သောအနောက်ပိုင်းပြည်နယ်များနှင့် အနောက်မြောက်ပိုင်းပြည်နယ်များတွင် မိုးရွာသွန်းမှုမှာ ပုံမှန်ထက်ပိုမိုများပြားပြီး အရှေ့ပိုင်းဒေသများတွင်မူ မိုးရွာသွန်းမှုလျော့နည်းသဖြင့် ပုံမှန်မဟုတ်ဘဲ ခြောက်သွေ့လျက်ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ အချက်အလက်များအရ နိုင်ငံ၏သုံးပုံတစ်ပုံခန့်သာ ပုံမှန်မိုးရွာသွန်းမှုကိုရရှိသော်လည်း  ၃၄ ရာခိုင်နှုန်းခန့်မှာ ပုံမှန်မိုးရွာသွန်းမှုထက်လျော့နည်း၍ ကျန် ၃၂ ရာခိုင်နှုန်းခန့်မှာ ပုံမှန်ထက်မိုးပိုမိုရွာသွန်းထားကြောင်း သိရှိရပါသည်။ ဟာရာန၊ ပန်ဂျပ်၊ ဂူဂျာရတ်၊ ဟိမာခါ (Himachal)၊ ပရာဒက်ရှ် (Pradesh)၊ ရာဂျစ်စတန် (Rajasthan) ပြည်နယ်များတွင် ယခုနှစ် မိုးရာသီ၌ ပုံမှန်ထက်နှစ်ဆနီးပါးမိုးရွာထားပြီး Jharkhand၊ ဘီဟာ (Bihar)၊ Telangana ၊ Chhattisgarh ၊ Kerala ပြည်နယ်များတွင် ပုံမှန်ထက်မိုးရွာသွန်းမှု ၄၁ ရာခိုင်နှုန်းလျော့နည်းလျက်ရှိကြောင်း သိရှိရပါသည်။

မုတ်သုံရာသီဝင်ရောက်မှုနောက်ကျခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ပတ်အတွင်း မိုးရွာသွန်းမှုများကြောင့်  ဆန်၊ ဝါ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် နှံစားသီးနှံစိုက်ပျိုးမှုများမှာ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လာကြပါကြောင်း၊ သို့ရာတွင် ပြီးခဲ့သည့်နှစ် သီးနှံစိုက်ပျိုးမှုအနေအထားထက် များစွာလျော့နည်းနေပါကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်ဂျပ်၊ ဟာရာန၊ ဟိမာခါ(Himachal)၊ ပရာဒက်ရှ် (Pradesh)နှင့် Uttar Pradesh ကဲ့သို့သော မြောက်ပိုင်းပြည်နယ်များတွင် စပါးပျိုးပင်ပေါက်များပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း Maharashtra, Telangana, Ahdhra Pradesh, Chhattisgarh, Bihar နှင့် West Bengal စသည့်ပြည်နယ်များတွင် မိုးရွာသွင်းမှုလျော့နည်းသဖြင့် ဆန်၊ ပြောင်း၊ ဝါ၊ ပဲပိစပ်၊ မြေပဲနှင့် ပဲမျိုးစုံစိုက်ပျိုးမှုများမှာ နှောင့်နှေးကြန့်ကြာနေပါကြောင်း၊ သကြားအများဆုံးစိုက်ပျိုးထွက်ရှိသည့် ပြည်နယ်များဖြစ်သည့် Maharashtra နှင့် Karnataka ပြည်နယ်များမှ သကြားစိုက်ပျိုးသူတောင်သူများကလည်း ကြံကြီးထွားရန်အရေးကြီးသည့်ကာလအတွင်း မိုးရွာသွန်းမှုလျော့နည်းပါက သကြားထွက်ရှိမှု ထိခိုက်လျော့နည်းမည်ကို စိုးရိမ်နေကြကြောင်း သိရှိရ ပါသည်။

မိုးရွာသွန်းမှုမမျှတမှုကြောင့် သိသာထင်ရှားစွာထိခိုက်မှုရှိသည့် သီးနှံများမှာ ဆန်၊ ဟင်းသီးဟင်းရွက်နှင့် ပဲမျိုးစုံတို့ဖြစ်ကြပါကြောင်း၊ မြောက်ပိုင်းပြည်နယ်များရှိ စပါးခင်းများသည် ရက်သတ္တပတ်တစ်ပတ်ကျော် ရေမြုပ်ခဲ့ပြီး ပျိုးပင်ပေါက်များမှာ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်းနှင့် လယ်ယာစိုက်ပျိုးရေးသမားများအနေဖြင့် စပါးပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ရေလျော့သွားမည့်အချိန်ကို စောင့်နေကြပါကြောင်း၊ အနောက်ဘန်ဂေါ၊ ဘီဟာ၊ Chhattisgarh၊ Andhra Pradesh နှင့် Telangana ပြည်နယ်များအပါအဝင် စပါးအဓိကစိုက်ပျိုးသည့်ပြည်နယ်များတွင် လယ်သမားများအနေဖြင့် ပျိုးပင်များကို အသင့်ပြင်ဆင်ဆောင်ရွက်ထားသော်လည်း စပါးစိုက်ပျိုးရန် လုံလောက်သည့်မိုးရွာသွန်းမှု မရရှိသည့်အတွက် စိုက်ပျိုးနိုင်ခြင်းမရှိသေးပါကြောင်း၊ အိန္ဒိယအစိုးရက စပါးဝယ်ယူမှုအနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက်ကို တိုးမြှင့်ပေးထားသဖြင့် စပါးစိုက်ဧကပိုမိုများပြားလာရန်မျှော်လင့်ထားသော်လည်း ယခုနှစ်တွင် စပါးစိုက်ဧကအနည်းငယ်လျော့နည်းမည်ဟု စိုက်ပျိုးရေးကဏ္ဍမှအရာရှိများက ခန့်မှန်းထားပါကြောင်း၊ ယခုအချိန်ထိ လယ်သမားများ၏ စပါးစိုက်ပျိုးထားရှိမှုဧကမှာ ၂၀၂၂ ခုနှစ်ထက် ၆ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရှိရပါသည်။

ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်ပွနှင့် ဟင်းနုနယ်ရွက်ကဲ့သို့သော ဟင်းသီးဟင်းရွက်များမှာ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိပါကြောင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ နှံစားသီးနှံများမှာလည်း ရေကြီးခြင်းကြောင့် ပျက်စီးဆုံးရှုံးသကဲသို့ တောင်ပိုင်းပြည်နယ်များတွင်လည်း မိုးရွာသွန်းမှုနည်းပါးသဖြင့် စိုက်ပျိုးမှုများနောက်ကျနေပါကြောင်းနှင့် အကျိုးရလဒ်အနေဖြင့် ခရီးချဉ်သီးအပါအဝင် တချို့သောဟင်းသီ းဟင်းရွက်များမှာ စံချိန်တင်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

သက်သတ်လွတ်စားသည့် အိန္ဒိယနိုင်ငံသားများအတွက် ပရိုတင်းဓါတ်အဓိကရရှိသည့် ပဲမျိုးစုံစိုက်ပျိုးမှုူမှာလည်း နှောင့်နှေးကြန့်ကြာနေပါကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးမှုနောက်ကျခြင်းသည် သီးနှံအထွက်နှုန်းကို ပုံမှန်ထက်လျော့နည်းမှုများဖြစ်လာနိုင်ပါကြောင်း၊ ယခုအချိန်ထိ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းလျော့နည်းနေပါကြောင်းနှင့် ပဲပိစပ်နှင့် ဝါစိုက်ပျိုးမှုများမှာ ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းအသီးသီးလျော့နည်းလျက်ရှိသည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ဇူလိုင်လလယ်နောက်ပိုင်းမှ စိုက်ပျိုးသည့်သီးနှံများသည် ပုံမှန်အားဖြင့် အထွက်နှုန်းလျော့နည်းမည်ဖြစ်ပါကြောင်း၊ စက်တင်ဘာလလယ်ရောက်ပါက အိန္ဒိယနိုင်ငံ၏ဒေသအများစုတွင် အပူချိန်စတင်မြင့်တက်လာမည်ဖြစ်ပါကြောင်းနှင့် ၎င်းသည် နောက်ကျစိုက်ပျိုးသည့်ကောက်ပဲသီးနှံများ၏ အသီးအပွင့်များကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ မိုးဇလဌာန၏ခန့်မှန်းချက်များအရ သြဂုတ်လနှင့် စက်တင်ဘာလများတွင် အယ်နီညိုကြောင့် မိုးရွာသွန်းမှုလျော့နည်းမည်ဖြစ်ပါကြောင်းနှင့် ယင်းအချိန်သည် သီးနှံများအရွယ်ရောက်သည့်အချိန်ဖြစ်ပြီး အစိုဓါတ်နှင့်ရေငွေ့များလုံလောက်စွာရရှိရန် လိုအပ်သည့်အချိန်ဖြစ်ပါကြောင်း၊ ထိုကာလအတွင်း မိုးရွာသွန်းမှုလျော့နည်းပါက သီးနှံအထွက်နှုန်းကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း The Economic Times သတင်းစာက သုံးသပ်ထားပါသည်။

နွေသီးနှံစိုက်ပျိုးမှုနောက်ကျခြင်းသည် ရိတ်သိမ်းသည့်အချိန်ကိုလည်း နောက်ကျစေမည်ဖြစ်ကြောင်း၊ ထို့အတူ ဆောင်းသီးနှံများဖြစ်သည့် ဂျုံ၊ မုန်ညင်း၊ ကုလားပဲကဲ့သို့သော သီးနှံစိုက်ပျိုးမှုများကို နောက်ကျစေမည်ဖြစ်ပါကြောင်း၊ ဆောင်းသီးနှံများအတွက် အအေးဓာတ်သည် အရေးကြီးပါကြောင်း၊ သို့ရာတွင် ပြီးခဲ့သည့်နှစ်အနည်းငယ်က ပုံမှန်ထက်မြင့်မားသည့်အပူချိန်များကြောင့် ဂျုံနှင့် မုန်ညင်းထွက်ရှိမှုကို လျော့နည်းစေခဲ့ပါကြောင်းနှင့် ယင်းနှစ်များတွင် အိန္ဒိယသည် ဂျုံဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရပါကြောင်း၊ လာမည့်ရာသီတွင် ဂျုံထွက်ရှိမှုနည်းပါးခြင်းသည် အထက်ပါဈေးနှုန်းထိန်းချုပ်ရေးကြိုးစားမှုအပေါ် ပိုမိုခက်ခဲစေမည်ဖြစ်ပါကြောင်း၊ မုန်ညင်းအထွက်နှုန်းလျော့နည်းမှုသည်လည်း သီးနှံဆီတင်သွင်းမှုလိုအပ်ချက်ကို ပိုမိုမြင့်မားစေမည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်၌ ရာသီဥတုပြောင်းလဲမှုများကြောင့် သီးနှံအထွက်နှုန်းလျော့နည်းပြီး အခြေခံစားသောက်ကုန်နှင့်ခရမ်းချဉ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်အချို့၏ဈေးနှုန်းမှာ အဆမတန်မြင့်မားလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲမှာလည်း မကြာခင်ကာလတွင် ကျင်းပရန်ရှိရာ လက်ရှိအစိုးရတာဝန်ရှိသူများက ယင်းကာလမတိုင်မီ ငွေကြေးဖောင်းပွမှုများကြောင့် အနှောင့်အယှက်များမဖြစ်ပေါ်စေရေးအတွက် ပြည်တွင်းကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ဆန်နှင့်ဂျုံကဲ့သို့သော အခြေခံစားသောက်ကုန်များကို ပြည်ပတင်ပို့မှုပိတ်ပင်နိုင်ကြောင်း တချို့သောသတင်းမီဒီယာများက သုံးသပ်တင်ပြနေသည်ကိုတွေ့ရှိရပါသည်။ ယခုအချိန်တွင် အိန္ဒိယနိုင်ငံတွင် ဆန်နှင့်ပဲမျိုးစုံစိုက်ပျိုးနိုင်မှုအခြေအနေနှင့် အထွက်နှုန်းအနေအထားကို အတိအကျမသိရှိနိုင်သေးသော်လည်း ယင်းကဏ္ဍသည် မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်ပြီး ဈေးကွက်အပေါ်သက်ရောက်မှုများရှိနိုင်သဖြင့် စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်သင့်ကြောင်း တွေ့ရှိရပါသည်။

Source: Why India farmers worry despite average monsoon rains, The Economic Times, 19 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)