India (Delhi)

အိန္ဒိယနိုင်ငံ၏စားသောက်ဆိုင်များတွင် ဈေးနှုန်းကြီးမြင့်သည့် ပဲစဉ်းငုံကို အခြားသောပဲများနှင့် အစားထိုးနိုင်ရန် ဆောင်ရွက်လာသကဲ့သို့ ပဲနီလေးတင်သွင်းမှုမှာ တိုးတက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံရှိ စားသောက်ဆိုင်များတွင် ပဲဟင်းချက်ရာ၌ အဓိကအသုံးပြုသည့် ပဲစဉ်းငုံအစား ဈေးနှုန်းသက်သာသည့်ပဲဖြင့် အစားထိုးအသုံးပြုရန် ဆောင်ရွက်လာသဖြင့် ပဲနီလေးတင်သွင်းမှုမှာ တစ်ဟုန်ထိုးမြင့်တက်လာကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အရသာနှင့် အနေအထားတွင် ပဲစဉ်းငုံနှင့်နှိုင်းယှဉ်နိုင်ပြီး ဈေးနှုန်းတွင် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ သက်သာသော ပဲနီလေးသည် ပဲစဉ်းငုံအား အစားထိုးအသုံးပြုရန် ရေပန်းစားနေပါကြောင်း၊ စားသောက်ဆိုင်များတွင် စားသုံးရာ၌ ပုံမှန်စားသုံးနေကြဖြစ်သော ပဲစဉ်းငုံနှင့်ချက်ပြုတ်ထားသည့်ပဲဟင်းအစား ပဲနီလေးကို အပြည့်အဝ(သို့မဟုတ်)တစ်စိတ်တစ်ပိုင်းရောစပ်ထားသည့် ပဲဟင်းဖြစ်နိုင်ခြေရာခိုင်နှုန်းများပါကြောင်း၊ ပဲစဉ်းငုံဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၁၅၀ မှ ၂၀၀ အကြားရှိသဖြင့် စားသောက်ဆိုင်များအနေဖြင့် ပဲဟင်းချက်ရာတွင် ပဲစဉ်းငုံအစား ပဲနီလေးနှင့် ပဲဝါလေးများကို အစားထိုးအသုံးပြုရန် စဉ်းစားလာကြပါကြောင်းနှင့် ပဲနီလေးကို အိန္ဒိယပြည်တွင်း၌ ၂၅ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်စိုက်ပျိုးလျက်ရှိသော်လည်း ပြည်ပမှတင်သွင်းမှုမှာလည်း တိုးမြှင့်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံတွင် ပဲနီလေးပြည်တွင်းထုတ်လုပ်မှုတိုးတက်လျက်ရှိသော်လည်း ဈေးနှုန်းကြီးမြင့်သည့်ပဲစဉ်းငုံထက် ဈေးနှုန်းချိုသာသောပဲနီလေးကို ပိုမိုနှစ်သက်လာကြသဖြင့် လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပမှ ပိုမိုဝယ်ယူတင်သွင်းလာနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ပဲနီလေးတင်သွင်းမှုမှာ ၁၅ နှစ်အတွင်း ပိုမိုများပြားလာပါကြောင်း၊ အိန္ဒိယသည် ပဲနီလေးကို သြစတြေးလျ၊ ကနေဒါနှင့် ရုရှားနိုင်ငံတို့မှ အဓိကတင်သွင်းပါကြောင်းနှင့် ပြီးခဲ့သည့် ၁၀ စုနှစ်တစ်ခုခန့်က ပဲနီလေးကြိတ်ခွဲသန့်စင်သည့် စက်ရုံသည် မွန်ဘိုင်းတွင် ၂ ခုခန့်သာရှိခဲ့ရာမှ ယခုအခါ  ၁၀ ခု၊ ၁၂ ခု ခန့်ရှိပြီဟု ပဲမျိုးစုံတင်သွင်းသည့် Satish Upadhyay က ပြောကြားထားကြောင်း သိရှိရပါသည်။

တမီးနဒူး(Tamil Nadu)ပြည်နယ်အစိုးရကလည်း ပြည်နယ်ရှိ ပြည်သူများအတွက် အထောက်အပံ့ပေးမည့်အစီအမံအတွက် ပဲမျိုးစုံဝယ်ယူရေးနောက်ဆုံးတင်ဒါခေါ်ယူရာတွင် ဝယ်ယူလိုသောစာရင်း၌ ပဲစဉ်းငုံပမာဏကိုလျှော့ချခဲ့ပြီး ပဲဝါလေးပမာဏကို တိုးမြှင့်အဆိုပြုခဲ့ပါကြောင်းနှင့် စားသောက်ဆိုင်အများစုတွင် ပဲစဉ်းငုံအစားထိုးရန်အတွက် ပဲနီလေးကို အသိအမှတ်ပြုလက်ခံထားကြကြောင်း  တမီးနဒူးပြည်နယ်မှ ပဲမျိုးစုံတင်သွင်းသူ Ajay Goyal က ပြောကြားထားပါသည်။

အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း(Indian Pulses and Grains Association - IPGA) ၏ အချက်အလက်များအရ ပဲစဉ်းငုံဈေးနှုန်းကြီးမြင့်မှုသည် ဝယ်လိုအားကို ကျဆင်းစေခဲ့ပြီး  စားသုံးသူများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များသည် ပဲနီလေး၊ ကုလားပဲများကို ပြောင်းလဲအသုံးပြုလျက်ရှိသည်ဟု သိရှိရကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏အဓိကပဲဈေးကွက်ဖြစ်ပြီး စားသုံးသူအလေ့အထပြောင်းလဲခြင်းနှင့် အစိုးရ၏ပဲတင်သွင်းမှုမူဝါဒအပြောင်းအလဲများသည် မြန်မာ့ပဲဈေးကွက်ကို ကြီးမားစွာသက်ရောက်မှုရှိနိုင်သဖြင့် စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်သင့်ပါကြောင်း သုံးသပ်ရပါသည်။

Source: India’s masoor imports to surge as restaurants look for alternatives to replace expensive arhar, The Economic Times, July 18,2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)