Russia

ရုရှားမှ အိန္ဒိယနှင့်တရုတ်သို့ ရေနံတင်ပို့မှု သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ၁.၄ ဆခန့် ကျဆင်း

Last Updated:

ရုရှားနိုင်ငံ၊ Baltic သင်္ဘောဆိပ်ကမ်းမှ တရုတ်နိုင်ငံမြောက်ပိုင်းသို့ ရေနံတင်ပို့မှု သယ်ယူပို့ဆောင်ခမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃.၂ အထိ ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်အစပိုင်းတွင် စျေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၈ ခန့်နှင့် အသေးစားကုန်သွယ်မှု ဆောင်ရွက်သူတစ်ဦးချင်းစီအတွက်မှာမူ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၆/၂၇ ခန့်ရှိကြောင်း စွမ်းအင်နှင့်ဘဏ္ဍာရေးအဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ Mr. Sergei Kondratyev မှ ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် စွမ်းအင်နှင့်ဘဏ္ဍာရေးအဖွဲ့အစည်းအနေဖြင့် Gazprombank Center ၏ စျေးနှုန်းတွက်ချက်မှုမူဘောင်အတွင်းမှ ရုရှားရေနံပို့ဆောင်မှု၏ ကုန်ကျစရိတ်ခန့်မှန်းတွက်ချက်မှုများအား ရုရှားသင်္ဘောကုမ္ပဏီများနှင့် ကုန်သည်များအပေါ် စာရင်းကောက်ယူလေ့လာ၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Kondratyev ၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လသည် ရုရှားရေနံတင်ပို့မှု သယ်ယူပို့ဆောင်ခကုန်ကျစရိတ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃.၅ (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀)၊ Baltic ဆိပ်ကမ်းမှ တရုတ်နိုင်ငံမြောက်ပိုင်းသို့ ပို့ဆောင်ခ အမေရိကန်ဒေါ်လာ ၁၃.၂(တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၆) အထိ ၁.၄ ဆခန့် သိသာစွာကျဆင်းခဲ့ပါကြောင်း၊ မကြာမီအချိန်တွင် ရုရှားစျေးကွက်သည် ယခင်နှစ် စက်တင်ဘာ နှင့် အောက်တိုဘာလများကဲ့သို့ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိလာနိုင်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ယခင်က ရေနံကုန်သည်များမှ သယ်ယူပို့ဆောင်မှုနည်းလာပြီး ဥရောပနိုင်ငံများမှ ပိတ်ဆို့အရေးယူမှုများတိုးလာခြင်းကြောင့် ဆီစျေးနှုန်းများအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဥရောပနိုင်ငံများသည် ရုရှားနိုင်ငံမှ ဆီတင်သွင်းမှုကို ပိတ်ပင်ခဲ့သည့်အတွက် ယခုနှစ်စပိုင်းတွင် ကုန်သွယ်မှုစရိတ်မြင့်တက်လာခြင်းမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း Kondratyev မှ ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သောအခြေအနေများမှ ၎င်းတို့အနေဖြင့် အစီအစဉ်အသစ်များကို ချမှတ်နိုင်ခဲ့ပြီး မတ်လမှစတင်ကာ ကုန်သွယ်မှုစရိတ်ကိုလျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့သည့်အတွက် ယခုအချိန်တွင် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့မှ အနောက်အိန္ဒိယသို့ ရေနံတင်ပို့မှုကုန်ကျစရိတ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆.၈/၇ ဖြင့်လည်းကောင်း၊ Baltic မှ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉.၅/၁၀ ဖြင့်လည်းကောင်း လျှော့ချနိုင်ခဲ့ကြောင်း ၎င်းမှ ပြောကြားသည်။

၎င်းမှ ကုန်သွယ်မှုသယ်ယူပို့ဆောင်ခကုန်ကျစရိတ်မှာ ဆက်လက်ကျဆင်းမည်ဖြစ်ပြီး ယခုနှစ်ဆောင်းဦးရာသီမှစ၍ နိုဗိုစီဗစ်မြို့မှ အနောက်အိန္ဒိယသို့ ရေနံပို့ဆောင်မှုကုန်ကျစရိတ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆ အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ထို့အပြင် စျေးကွက်အသစ်တွင် ရောင်းလိုအားနှင့်ဝယ်လိုအားကို တည်ငြိမ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယရေနံသန့်စင်မှုလုပ်ငန်းများ အနေဖြင့် အမျိုးအစားမတူညီသော အီရတ်နှင့် ဆော်ဒီအာရေဗျမှ ကုန်ကြမ်းများနေရာတွင် ရုရှား Urals မှ ကုန်ကြမ်းများကို ပြောင်းလဲသုံးစွဲလာမည်ဟု မည်သူမှ မျှော်လင့်မထားကြောင်း၊ သို့သော်လည်း ယခုအချိန်တွင် အိန္ဒိယနိုင်ငံ၏ရေနံတင်သွင်းမှုတွင် ရုရှားရေနံ၏ ဈေးကွက်ဝေစုသည် ၄၅ ရာခိုင်နှုန်းကျော်ရှိပြီး အကြီးစားရေနံသန့်စင်မှုလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းနှင့် အသေးစားရေနံသန့်စင်မှုလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရုရှားမှတင်သွင်းသည့် ကုန်ကြမ်းများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပိတ်ဆို့အရေးယူခံရမှုများကြောင့် ရုရှားရေနံတင်ပို့မှုတွင် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လျက်ရှိရာမှ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံမှ ရေနံကုန်ကြမ်းပစ္စည်း ဝယ်ယူတင်သွင်းရာတွင် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ ကျဆင်းလာသည့်အတွက် အနာဂတ်တွင် အဆိုပါနိုင်ငံများသည် ရုရှားနိုင်ငံမှရေနံများကို ဆက်လက်၍ ပိုမိုဝယ်ယူတင်သွင်းသွားနိုင်ကြောင်း သုံးသပ်ရပါသည်။

Source : https://tass.ru/ekonomika/18299679

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: Russia