Russia

ရုရှားဓာတ်မြေဩဇာစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကောက်ပဲသီးနှံဈေးနှုန်းများ မြင့်တက်လာ

Last Updated:

ရုရှား၊ ဘယ်လာရုစ်နှင့် ယူကရိန်းနိုင်ငံများမှ မွန်ဂိုလီယားနိုင်ငံသို့ အဓိကတင်သွင်းနေသည့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် ဓာတ်မြေဩဇာစျေးနှုန်းများမြင့်တက်လာမှုကြောင့် မွန်ဂိုလီယားနိုင်ငံရှိ ကောက်ပဲသီးနှံဈေးနှုန်းများမှာ ၂ ဆခန့် မြင့်တက်သွားခဲ့ကြောင်း မွန်ဂိုလီးယားကုန်ထုတ်လုပ်သူအဖွဲ့အစည်းဥက္ကဋ္ဌ Mr. Tserennadmidyn Rentsengsengee မှ TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခင်က မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ အမိုနီယမ်နိုက်ထရိုတ်အပါအဝင် ဓာတ်မြေဩဇာများအား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ နှုန်းဖြင့်ဝယ်ယူခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်မှ စတင်ကာ ဓာတ်မြေဩဇာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ အထိမြင့်တက်ခဲ့ကြောင်း၊ ယခုနှစ် နွေဦးရာသီစိုက်ပျိုးချိန်ကုန်လွန်ပြီးမှသာ စျေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းခဲ့ပါကြောင်း၊ အဆိုပါရိုက်ခတ်မှုကြောင့် မွန်ဂိုလီယားကောက်ပဲသီးနှံဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ယခင် ၁၇၀ မှ ယခု ၃၀၀ အထိမြင့်တက်ခဲ့ပါကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

အဆိုပါအကြောင်းများကြောင့် ၂၀၂၃ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံသို့ ဓာတ်မြေဩဇာတင်သွင်းမှု တန်ချိန် ၃၀၀၀ အထိကျဆင်းခဲ့သည်။ ထို့အပြင် စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် လောင်စာဆီ၊ ချောဆီများ စျေးနှုန်းမြင့်တက်လာမှုမှာလည်း ကောက်ပဲသီးနှံဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုရှိနေပါကြောင်း၊ ယူကရိန်းပဋိပက္ခကြောင့်လည်း မွန်ဂိုလီယားနိုင်ငံသို့ ရုရှားနှင့်ဘယ်လာရုစ်နိုင်ငံမှ မျိုးစေ့နှင့် ဓာတ်မြေဩဇာတင်သွင်းမှုများနှင့် ယူကရိန်းမှ ပေါင်းသတ်ဆေးတင်သွင်းမှုများအတွက် သယ်ယူပို့ဆောင်ရန် အခက်အခဲရှိခဲ့ပါကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ နွေဦးကာလမှအစပြု၍ မွန်ဂိုလီးယားနိုင်ငံအစိုးရသည် ဂျုံမှုန့်၊ အာလူးနှင့် အသားကဲ့သို့သော ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ခဲ့ပြီး အာဏာပိုင်များသည် ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံစိုက်ပျိုးရေးများတွင် အသေးစားချေးငွေများထုတ်ပေးကာ အားပေးကူညီလျက်ရှိပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် ကုန်လှောင်ရုံများတည်ဆောက်ခြင်းကိုလည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း မွန်ဂိုလီယားကုန်ထုတ်လုပ်သူအဖွဲ့အစည်းဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။

မွန်ဂိုလီယားနိုင်ငံသည် ရုရှားဓာတ်မြေဩဇာများတင်သွင်းရာတွင် ဈေးနှုန်းမြင့်တက်လာမှုကြောင့် တင်သွင်းမှုတန်ချိန်များစွာ ကျဆင်းခဲ့ကြောင်း၊ စိုက်ပျိုးချိန်ကုန်လွန်ပြီးမှသာ ဓာတ်မြေဩဇာစျေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း တွေ့ရှိရသဖြင့် ရုရှားဓာတ်မြေဩဇာဈေးနှုန်းများသည် အနာဂတ်တွင် ဆက်လက်ကျဆင်းနိုင်ကြောင်း သုံးသပ်ရပါသည်။

Source : https://tass.ru/ekonomika/18302323

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia