India (Kolkata)

တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်ကို အိန္ဒိယအစိုးရပယ်ချ

Last Updated:

အိန္ဒိယနိုင်ငံအစိုးရသည် နိုင်ငံတွင်း၌ စက်ရုံတည်ဆောက်ရန် တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD မှ အဆိုပြုလာသော အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်ကို ပယ်ချလိုက်ကြောင်း သိရသည်။ ၎င်းအနေဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြောင်းပြချက်ဖြင့် ယင်းသို့ပယ်ချခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

BYD ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်အခြေစိုက် Megha အမည်ရှိ အင်ဂျင်နီယာနှင့် အခြေအဆောက်အအုံဆိုင်ရာ ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတောင်ဖက်ပိုင်းရှိ တီလန်ဂါနာ(Telangana)ပြည်နယ်တွင် စက်ရုံတစ်ခုတည်ထောင်သွားရန်နှင့် အဆိုပါစက်ရုံတွင် လျှပ်စစ်မော်တော်ကား၊ ဘစ်ကားနှင့် ဘက်ထရီများထုတ်လုပ်သွားမည်ဖြစ်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုအရ BYD ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၌ တစ်နှစ်လျှင် လျှပ်စစ်သုံးယာဉ်အစီးရေ ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ထုတ်လုပ်သွားရန်ရည်ရွယ်ထားကြောင်း သိရသည်။

၎င်းသည် အိန္ဒိယအစိုးရအနေဖြင့် တရုတ်အခြေစိုက် လျှပ်စစ်မော်တော်ကားကုမ္ပဏီတစ်ခုမှ အဆိုပြုလာသော ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်ကို ဒုတိယအကြိမ်ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ၂၀၂၂ ခုနှစ် ဇူလိုင်လက အစိုးရသည် တရုတ်အခြေစိုက် Great Wall Motor ကားကုမ္ပဏီ၏ အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန်စက်ရုံတစ်ခုတည်ထောင်ရန် အလားတူအဆိုပြုချက်ကို ပယ်ချခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာန (DPIIT) က ဆက်စပ်ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များရယူ၍ ယခုကဲ့သို့ပယ်ချရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

BYD ကုမ္ပဏီသည် Atto 3 နှင့် E6 အမျိုးအစား လျှပ်စစ်မော်တော်ယာဉ်နှစ်မျိုးကို အိန္ဒိယဈေးကွက်၌ ရောင်းချထားပြီး၊ BYD Seal EV အမျိုးအစားလျှပ်စစ်မော်တော်ယာဉ်ကိုလည်း ၎င်း၏ အိန္ဒိယနိုင်ငံဝက်ဘ်ဆိုက်၌ တင်ပြထားကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့သော မော်တော်ကားပြပွဲ ၂၀၂၃ (Auto Expo 2023) တွင် အဆိုပါကားကို ထုတ်ဖေါ်ပြသခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် ရောင်းချသွားရန် ရည်ရွယ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏အဆိုပြုချက်ကို အစိုးရမှငြင်းဆိုခဲ့မှုအပေါ် ရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူတစ်ချို့က စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ရေးကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခုဖြစ်လာရန် အားထုတ်ကြိုးပမ်းမှုကို နှောင့်နှေးစေမည်ဟု ၎င်းတို့က ထောက်ပြဝေဖန်ခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံအစိုးရသည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်လိုအပ်၍ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ခုခံချေပခဲ့သည်။ အစိုးရအနေဖြင့် လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများကို တံခါးဖွင့်လှစ်ထားလျက်သည်ဟုလည်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ရေးကဏ္ဍတွင် ထုတ်လုပ်မှုစွမ်းဆောင်ရည် အရှိန်အဟုန်မြှင့်တင်သွားရန် ကြိုးပမ်းလျက်ရှိစဉ် ယခုကဲ့သို့တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏အဆိုပြုချက်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်သုံးယာဉ် ၃၀ ရာခိုင်နှုန်းတိုးမြှင့်ရောင်းချသွားရန် ရည်မှန်းထားသည်။

သို့သော် အိန္ဒိယနိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ၏ တိုးတက်မှုမှာ နှေးကွေးလျက်ရှိသည်။ အကြောင်းမှာ လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်ရာ၌ ကုန်ကျစရိတ်မြင့်မားခြင်း၊ လျှပ်စစ်ဓါတ်အားပြန်လည်ဖြည့်သွင်းမှုဆိုင်ရာ အခြေအဆောက်အအုံများနည်းပါးခြင်းနှင့် အစိုးရမှ မက်လုံးပေးဆွဲဆောင်မှုနည်းပါးခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

BYD အဆိုပြုချက်ကို ငြင်းပယ်မှုက အိန္ဒိယနိုင်ငံ၏ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်မှုဆိုင်ရာ ရည်မှန်းချက်များကို နှောင့်နှေးစေသည်မှာ မှန်သော်လည်း အစိုးရအနေဖြင့် အဆိုပါကဏ္ဍဖွံ့ဖြိုးလာစေရန် မြှင့်တင်မှုများပြုလုပ်သွားမည်ဟု ကတိပြုထားသည်။ ထို့ကြောင့် ၎င်းအနေဖြင့် အဆိုပါရည်မှန်းချက်ကို မည်သို့မည်ပုံရရှိအောင် ဆောင်ရွက်မည်ကို ဆက်လက်စောင့်ကြည့်လေ့လာရမည်ဖြစ်သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရအနေဖြင့် BYD အဆိုပြုချက်ကို ငြင်းပယ်ခဲ့မှုအပေါ် အကြောင်းပြချက် တိတိကျကျထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် တရုတ်အခြေစိုက်ကုမ္ပဏီတစ်ခုက အိန္ဒိယလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် နေရာကြီးကြီးမားမားရယူလာမည့်အပေါ် စိုးရိမ်မကင်းဖြစ်သည်ဟု ယူဆရပါသည်။ BYD ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးလျှပ်စစ်သုံးယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံအတော်များများ၌ ၎င်း၏စက်ရုံများတည်ရှိသည်။

တစ်ဖက်တွင် အိန္ဒိယအစိုးရအနေဖြင့် လျှပ်စစ်သုံးယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် မြှင့်တင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်သုံးယာဉ်များဝယ်ယူရာတွင် ထောက်ပံ့ကြေးပေးခြင်း၊ လျှပ်စစ်ဓါတ်အား ပြန်လည်ဖြည့်သွင်းမှုဆိုင်ရာ အခြေအဆောက်အအုံများတည်ဆောက်ပေးခြင်းနှင့် အမျိုးသားလျှပ်စစ်သုံးယာဉ်ဆိုင်ရာမူဝါဒကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ခြင်းကဲ့သို့ လုပ်ဆောင်ချက်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း လျှပ်စစ်သုံးယာဉ်ကဏ္ဍဖွံ့ဖြိုးမှုအတွက် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ဦးဆောင်မှုဖြင့် အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ အတူပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း၊ အကောက်ခွန်ကင်းလွတ်ခွင့်ကဲ့သို့ မက်လုံးပေးခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ အိန္ဒိယနိုင်ငံ၏လျှပ်စစ်သုံးယာဉ်ကဏ္ဍဖွံ့ဖြိုးမှုအတွက် လတ်တလောဆောင်ရွက်နေမှုအခြေအနေကို သုံးသပ်တင်ပြရခြင်းဖြစ်ပါသည်။

ရည်ညွှန်း။

Auto Hindustan Times၊ “BYD's $1 billion India dream shatters. Here's why”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ရက်။

The Times of India၊ “Modi govt rejects Chinese EV maker BYD's $1b mfg plant proposal in India!”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။

Business Today၊ “India rejects Megha-Chinese automaker BYD's $1 billion plan for four-wheeler facility: Report”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး‌၊ ကော်လ်ကတ္တားမြို့)                                                                                           

         

Category: India (Kolkata)