India (Delhi)

ဆီအုန်းစိုက်ပျိုးမှု တိုးမြှင့်ရန် ပြည်နယ်အစိုးရနှင့် ဆီအုန်းကုမ္ပဏီများက သြဂုတ် ၁၂ ရက်အထိ ကြီးမားသော အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင်း ဆီအုန်းစိုက်ပျိုးသည့်ဧရိယာများ တိုးမြှင့်လာစေရန်အတွက် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများကို ပြည်နယ်အစိုးရများနှင့်အတူ ဩဂုတ်လ ၁၂ ရက်အထိ ကြီးမားသောအရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအစီအစဥ်တွင် ဆီအုန်းစိုက်ပျိုးသည့် အဓိကပြည်နယ်များဖြစ်သည့် Andhra Pradesh ၊ Telangana၊ Tamil Nadu ၊ Odisha၊ Karnataka ၊ Goa၊ Assam၊ Tripura၊ Nagaland ၊ Mizoram နှင့် Arunachal Pradesh တို့ပါဝင်မည်ဖြစ်ကြောင်းနှင့် ယခုအစီအစဉ်ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး သြဂုတ်လ ၁၂ ရက်အထိ ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ဆီအုန်းစိုက်ပျိုးခြင်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့သည့် စားသုံးဆီအတွက် အမျိုးသားရေးရည်မှန်းချက်-စားအုန်းဆီ(National Mission for Edible Oils- Oil Palm)၏ ဗဟိုစီမံချက်အောက်တွင် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ယင်းရည်မှန်းချက်အရ ဆီအုန်းထုတ်လုပ်မှုဧရိယာကို ဟက်တာ ၁၀ သိန်းအထိ တိုးမြှင့်ရန်နှင့် စားအုန်းဆီကြမ်းထုတ်လုပ်မှုကို 2025-26 ခုနှစ်တွင် တန်ချိန် 11.20 သိန်းအထိ တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ ယခုစီမံကိန်းတွင် အဓိကဆီအုန်းထုတ်လုပ်သည့် ကုမ္ပဏီသုံးခုဖြစ်သည့် Patanjali Food Pvt Ltd၊ Godrej Agrovet နှင့် 3F တို့သည် သက်ဆိုင်ရာတောင်သူများနှင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရ ပါသည်။

ဝန်ကြီးဌာန၏ပြောကြားချက်အရ အရှိန်အဟုန်ဖြင့် ဆီအုန်းစိုက်ပျိုးမှုများကို Andhra Pradesh၊ Telangana၊ Tamil Nadu၊ Odisha၊ Goa နှင့် Karnataka ပြည်နယ်တို့တွင် သြဂုတ်လ ၈ ရက်အထိ ဟက်တာ 7,000 ရောက်ရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် Andhra Pradesh နှင့် Telangana  ပြည်နယ်တို့တွင် ဟက်တာ 6,500 လွှမ်းခြုံနိုင်အောင် ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာသံ၊ Arunachal Pradesh၊ Tripura၊  မီဇိုရမ်နှင့် နာဂလန်းကဲ့သို့သော အရှေ့မြောက်ပိုင်းဒေသ ပြည်နယ်များတွင် ဆီအုန်းစိုက်ပျိုးမှုကို  သြဂုတ် ၁၂ ရက်အထိ အရှန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ဧရိယာ ၇၅၀ ဟက်တာကျော် လွှမ်းခြုံမှုရှိစေမည်ဖြစ်ကြောင်း၊ အာသံအစိုးရသည် ခရိုင်ရှစ်ခုတွင် ဩဂုတ်လ ၅ ရက်အထိ ဧရိယာ ၇၅ ဟက်တာကို ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် Arunachal Pradesh ပြည်နယ်သည် ခရိုင် ၆ ခုတွင် ဟက်တာ ၇၀၀ နီးပါးလွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားထားကြောင်း သိရှိရပါသည်။

Source: State govts, oil palm firms launch mega drive till Aug 12 to increase oil palm cultivation, The Economic Times, 30 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)