India (Kolkata)

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)မှ ကြီးမှူး၍ ကျင်းပသော (၁၂၂) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား စီးပွားရေးသံမှူးတက်ရောက်

Last Updated:

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)မှကြီးမှူး၍ (၁၂၂) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး(AGM)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Taj Bengal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား စီးပွားရေးသံမှူးတက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေးနှင့်လွှတ်တော်ရေးရာဝန်ကြီး Shri Sobhandeb Chattopadhyay၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ အများပိုင်လုပ်ငန်းများနှင့် စက်မှုပြန်လည်တည်ဆောက်ရေးဝန်ကြီး ဒေါက်တာ Shashi Panja နှင့် အနောက်ဘင်္ဂလားပြည်နယ်အစိုးရ၊ မြေယာနှင့်မြေယာပြုပြင်ပြောင်းလဲရေး၊ ဒုက္ခသည်နှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး၊ ကျန်းမာရေးနှင့် မိသားစုသက်သာ ချောင်ချိရေး၀န်ကြီး Smt. Chandrima Bhattacharya နှင့် အိန္ဒိယကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့အပါအဝင် အသင်းချုပ်အသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါ ၁၂၂ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး(AGM)ကို “ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် တိုးတက်မှုအခွင့်အလမ်းများဦးတည်ရာ အနောက်ဘင်္ဂလားပြည်နယ်(Destination West Bengal- Investment, Business & Growth Opportunities)” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

တက်ရောက်လာသူများက အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၏ လတ်တလောဖွံဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို ဆွေးနွေးပြောကြားရာတွင် ပြည်နယ်၏ လက်ရှိစီးပွားရေးအဆင့်အတန်းသည် အဆင့် ၆ ၌ ရပ်တည်လျက်ရှိပြီး၊ အမေရိကန်ဒေါ်လာ ၂၂၁ ဒဿမ ၃၇ ဘီလီယံအရွယ်အစားပမာဏရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၅၄ ရာခိုင်နှုန်းရှိပါကြောင်း၊ MSME လုပ်ငန်းပေါင်း ၉ သန်းခန့်ရှိပြီး ပြည်နယ်များအနက် ဒုတိယအများဆုံးဖြစ်ပါကြောင်း၊ အိန္ဒိယတစ်နိုင်ငံလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသော MSME လုပ်ငန်းများမှ ကျောက်မျက်နှင့်လက်ဝတ်ရတနာပစ္စည်းများ၊ အင်ဂျင်နီယာထုတ်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မူဝါဒရေးရာပြုပြင်ပြောင်းလဲမှုများ၊ အစိုးရမှ ပံ့ပိုးကူညီမှုများ၊ ပုဂ္ဂလိကကဏ္ဍမှ ပြည်နယ်အစိုးရအပေါ် အကြံပြုဆွေးနွေးချက်များ စသည်ဖြင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားခဲ့ကြပါသည်။

အခမ်းအနားတွင် Rupa Co. & Ltd ၏ ဦးဆောင်ညွှန်ကြားရေးမှူး Shri Kunj Bihari Agarwala၊ Shyam Steel Industries Ltd ၏ ဥက္ကဌ Shyam Sunder Beriwala နှင့် Gloster Limited ၏ အမှုဆောင်ဒါရိုက်တာ Shri Hemant Bangur တို့အား အနောက်ဘင်္ဂလားပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ၎င်းတို့၏ထူးထူးခြားခြားပံ့ပိုးကူညီမှုများအတွက် MCCI မှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး၊ တက်ရောက်လာသောဝန်ကြီးများက MCCI West Bengal Repeal Law Compendium ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)                                                                                          

                                                                                             

         

Category: India (Kolkata)