India (Delhi)

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းနယ်စပ်ဒေသများတွင် အကောက်ခွန်ရုံးများကို ၅၀ ခုအထိ နှစ်ဆမြှင့်တင်ဖွင့်လှစ်သွားရန် အဆိုပြုထား

Last Updated:

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်ဒေသများတွင် ပြီးခဲ့သည့် ၁၂ လအတွင်း  မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုများ များစွာမြင့်တက်ခဲ့ပြီးနောက် ယခုဘဏ္ဍာနှစ်အကုန်တွင် နယ်စပ်အကောက်ခွန်ရုံးများကို ၅၀ ရုံးအထိ နှစ်ဆတိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တွင် တရားမဝင်ဝင်/ထွက်ပေါက်များ များစွာရှိနေသည်ကို တွေ့ရှိရသည်ဟု အိန္ဒိယနိုင်ငံ၏ သွယ်ဝိုက်အခွန်ကောက်ခံသည့် အဓိကဌာနကြီးဖြစ်သည့် သွယ်ဝိုက်ခွန်နှင့်အကောက်ခွန်ဆိုင်ရာဗဟိုအဖွဲ့(The Central Board of Indirect Taxes and Customs - CBIC) က ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် အရှေ့မြောက်ပိုင်းနယ်စပ်တွင် နိုင်ငံ ၄ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး အကောက်ခွန်ရုံး ၂၅ ရုံးဖွင့်လှစ်ထားရှိပြီး ၎င်းတို့အနက် ၂၀ ရုံးမှာ လုပ်ငန်းကို အပြည့်အဝလုပ်ဆောင်လျက်ရှိပါကြောင်းနှင့် ၁၅ ရုံးမှာ အီလက်ထရွန်နစ်ဆက်သွယ်ရေးစနစ်များကိုပါ အသုံးပြုဆောင်ရွက်နိုင်ကြောင်းနှင့် တရားမဝင်တင်သွင်းမှုများကို ရပ်တန့်နိုင်ရန်အတွက် နယ်စပ်အကောက်ခွန်ရုံးများကို ခေတ်မီနည်းပညာအခြေခံအဆောက်အဦများနှင့် အချိန်နှင့်တပြေးညီ သတင်းပို့သည့်စနစ်များ တပ်ဆင်ဆောင်ရွက်သွားမည်ဟု အရာရှိကြီးတစ်ဦးက ပြောကြားထားကြောင်းလည်း သိရှိရပါသည်။

ရွှေ၊ စီးကရက်၊ ဘိန်းများကို အရှေ့မြောက်ဘက်နယ်စပ်မှ မှောင်ခိုတင်သွင်းမှုများ အမြဲဆောင်ရွက်နေသကဲ့သို့ အချိုရည်နှင့်ဆေးပြားပုံစံများဖြင့် ထုတ်လုပ်ထားသော စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါးများ တရားမဝင်တင်သွင်းမှုမှာလည်း မြင့်တက်လျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် အိန္ဒိယနိုင်ငံမှ နှာစေးပျောက်ဆေး(Decongestant)နှင့် အယားသက်သာဆေး(Antihistamine)များကို မြန်မာနိုင်ငံသို့ တင်ပို့ပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ၎င်းပစ္စည်းများကို အသုံးပြုပြီး စိတ်ကြွဆေး(Methamphetamine) ပြားများကို ထုတ်လုပ်၍ အိန္ဒိယနိုင်ငံသို့ မှောင်ခိုပြန်သွင်းလာကြပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဂူဝါဟတီရဲတပ်ဖွဲ့တစ်ခုတည်းမှ ရူပီးသန်းပေါင်း ၄၀၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အနက် စိတ်ကြွဆေးပြားများတန်ဖိုးမှာ ရူပီးသန်း ၂၀၀၀ တန်ဖိုးရှိသည်ဟု ယင်းအရာရှိက ပြောကြားထားကြောင်း  သိရှိရပါသည်။

နှစ်နိုင်ငံနယ်စပ်တွင် အကောက်ခွန်စခန်းများဖွင့်လှစ်သွားမည်ဆိုပါက နှစ်နိုင်ငံနယ်နိမိတ်ပြဿနာများရှိလာနိုင်သဖြင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သကဲ့သို့ ယခုကဲ့သို့မူးယစ်ဆေးဝါးများ တရားမဝင်တင်ပို့လျက်ရှိကြောင်း တစ်ဖက်သတ်ဖော်ပြထားခြင်းအပေါ် မြန်မာနိုင်ငံအနေဖြင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို အင်တာနက်စာမျက်နှာများမှတစ်ဆင့်သော်လည်းကောင်း၊ သတင်းမီဒီယာများမှတစ်ဆင့်သော်လည်းကောင်း ပြန်လည်ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

Source: Land customs stations in NE proposed to be double to 50, The Economic Times, 25 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)