India (Kolkata)

ကနေဒါသည် အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်ပြုလုပ်ရန်ကိစ္စကို ခေတ္တရပ်နားထားမည်၊ တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်ဖြစ်ဟုဆို

Last Updated:

ကနေဒါနိုင်ငံသည် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ကနဦးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ရည်ရွယ်ခဲ့ပြီးနောက် သုံးလအကြာတွင် အိန္ဒိယနှင့် အဆိုပြုထားသော အဆိုပါကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာဆွေးနွေးပွဲများကို ခေတ္တရပ်နားထားလိုက်ပြီဖြစ်ကြောင်း ယခုလ (၁) ရက်နေ့က မထင်မှတ်ဘဲထုတ်ဖေါ်ပြောကြားခဲ့သည်။

“ကုန်သွယ်ရေးညှိနှိုင်းမှုတွေဟာ ရှည်လျားပြီး ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘယ်နေရာအထိ ရောက်ရှိနေပြီလဲဆိုတာ သုံးသပ်ဖို့ ခေတ္တရပ်နားထားပါတယ်” ဟု ကနေဒါဝန်ကြီးချုပ် Justin Trudeau ၏ လာမည့်သီတင်းပတ်အတွင်း နယူးဒေလီသို့ လာရောက်မည့်ခရီးစဉ်မတိုင်မီ ကနေဒါအစိုးရအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။ အဆိုပါအမည်မဖော်လိုသည့် တာဝန်ရှိသူက အသေးစိတ်အချက်အလက်များကိုမူ ပြောကြားရန် ငြင်းဆိုခဲ့သည်။ ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံမဟာမင်းကြီး Sanjay Kumar Verma ကလည်း အိုတာဝါ(Ottawa)အနေဖြင့် ပြီးခဲ့သည့်လအတွင်း ယင်းသို့ကုန်သွယ်ရေးဆွေးနွေးမှုကို ခေတ္တရပ်နားရန် ကြိုးပမ်းခဲ့သော်လည်း အကြောင်းရင်းကိုမူ ရှင်းလင်းပြောကြားခဲ့ခြင်းမရှိဟု အတည်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ယန္တရားစနစ်တစ်ခုအား ချမှတ်ဆောင်ရွက်စဉ် ကုန်သွယ်မှုတိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ယခုနှစ်တွင် ကနဦး သဘောတူညီချက်တစ်ရပ်ကို အတည်ပြုရန် ရည်ရွယ်ထားကြောင်း ပြီးခဲ့သည့်မေလက ပြောကြားခဲ့ခြင်း ဖြစ်သည်။ နယူးဒေလီသည် လာမည့်သီတင်းပတ်အတွင်း ကျင်းပရန်ရှိသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ တွဲလျက်ဆွေးနွေးပွဲများတွင် ကနေဒါနိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့် နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုကိစ္စရပ်များကို ဆွေးနွေးရန်စီစဉ်ထားကြောင်း ဩဂုတ်လက အိန္ဒိယထိပ်တန်းကုန်သွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကနေဒါဝန်ကြီးချုပ် Trudeau သည် အဆိုပါအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်သည်။

ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ငါးနှစ်ကြာဆိုင်းငံ့ထားခဲ့သော နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် ပြန်လည်စတင်ခဲ့သည်။ အိန္ဒိယ-ကနေဒါအစောပိုင်းတိုးတက်မှု ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်(India-Canada Early Progress Trade Agreement, EPTA)ခေါ် စာချုပ်သည် ကုန်စည်၊ ဝန်ဆောင်မှုများ၊ ရင်းနှီး မြှုပ်နှံမှု၊ မူလစည်းမျဉ်းများ၊ သန့်ရှင်းရေးနှင့် ဇီဝရုပ်ကြွင်းဆိုင်ရာ အစီအမံများ၊ ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများနှင့် အငြင်းပွားမှုဖြေရှင်းရေးတို့ကို အကျုံးဝင်စေမည့် စာချုပ်တစ်ခုဖြစ်သည်။

အဆိုပါအိန္ဒိယ-ကနေဒါအစောပိုင်းတိုးတက်မှု ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းမှုကို ခေတ္တရပ်နားထားသည်ဟု ကနေဒါဘက်မှ ထုတ်ဖေါ်ပြောကြားခဲ့သည်။ယင်း EPTA သည် ဘက်စုံလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သည်။ အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံကုန်စည်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ နှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့်တိုးတက်လာသည်။ အနာဂတ်တွင် တိုးတက်လာဖွယ်ရှိသည့် ကဏ္ဍများမှာ အခြေခံအဆောက်အအုံကဏ္ဍ၊ သက်ရှိသိပ္ပံပညာ၊ သန့်ရှင်းသော စွမ်းအင်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဓါတ်သတ္ထုကဏ္ဍနှင့် သဘာဝအရင်းအမြစ်ကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။

“ဒါက ကျွန်တော်တို့ နှစ်နိုင်ငံစလုံးရဲ့တိုးတက်မှုနဲ့ နောက်ထပ်ခြေလှမ်းတွေကို လှမ်းနိုင်စေမှာပါ”၊ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်မည့်အချိန်တွင် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသော အိန္ဒိယအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ရင်းမြစ်များ၏ အဆိုအရ နှစ်ဖက်စလုံးသည် ပင်ရင်းဒေသစည်းမျဉ်းများနှင့် အခွန်အကောက်များဆိုင်ရာကိစ္စရပ်များကဲ့သို့ကိစ္စရပ်များအတွက် ညှိနှိုင်းမှုမရရှိသေးဟု သိရသည်။“အာဆီယံပြီးလျှင် အိန္ဒိယဟာ ရှင်းရှင်းလင်းလင်းနဲ့တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိဖို့ စိတ်အားထက်သန်နေပြီး နိုင်ငံတော်တော်များများက အဲဒီအတွက် စိုးရိမ်မှုတွေရှိနေပါတယ်” ဟု ကုန်သွယ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံအပြင် ယူကေ၊ အီးယူတို့နှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများရရှိရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး သြစတြေးလျနိုင်ငံနှင့်သဘောတူခဲ့သော အစောပိုင်း ရိတ်သိမ်းမှုကုန်သွယ်ရေးသဘောတူညီချက်(Early harvest trade pact)ကို ပိုမိုကြီးမားသော လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်(FTA)အဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်(CEPA)ကို ၂၀၁၀ ခုနှစ်ကတည်းက ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး၊ ညှိနှိုင်းမှုများ အတန်ကြာရပ်ဆိုင်း သွားပြီးနောက် ပြီးခဲ့သောနှစ်က ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဆွေးနွေးမှုများကို CEPA ၏ရှေ့ပြေးနိမိတ်အဖြစ် ရည်ရွယ်ထားသည့် အစောပိုင်းတိုးတက်မှုကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်(EPTA)ကို ဗဟိုပြုထားသည်။ သို့သော် နှစ်နိုင်ငံအကျိုးစီးပွားနှင့်ပတ်သက်၍ ဘုံသဘောတူညီချက်ရရှိရန် ခက်ခဲလျက်ရှိသောအပိုင်းများ ကျန်ရှိနေသည်ဟု ယူဆရပါသည်။ ထို့ကြောင့် ကနေဒါဖက်မှ အချိန်ယူ၍ ပြန်လည်သုံးသပ်မှုများပြုလုပ်ရန် စဉ်းစားလျက် အဆိုပါဆွေးနွေးမှုများကို ခေတ္တရပ်ဆိုင်းခဲ့ဟန်တူပါသည်။ သို့သော် မကြာမီကာလအတွင်း ကျင်းပရန်ရှိနေသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲနှင့် တွဲလျက်အစည်းအဝေးများတွင် ၎င်းတို့နှစ်နိုင်ငံအကြား မည်သို့ဆွေးနွေးညှိနှိုင်းရရှိမည်ကိုမူ ဆက်လက်စောင့်ကြည့်သွားရန်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

Economic Times သတင်းဌာန၊ “Canada pauses trade pact talks with India: Government official”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

Reuters သတင်းဌာန၊ “In surprise move, Canada pauses talks on trade treaty with India”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး ကော်လ်ကတ္တားမြို့(

Category: India (Kolkata)