India (Delhi)

ဆန်တင်ပို့မှုပိတ်ပင်ထားသည့်ကာလအတွင်း ဘူတန်နိုင်ငံမှ ဆန်တင်သွင်းခွင့်ပြုရန် တောင်းဆိုထားသဖြင့် အိန္ဒိယအနေဖြင့် လက်ခံသွားဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံသည် ဇူလိုင်လ ၂၀ ရက်က ဘာစမာတီမဟုတ်သည့် ဆန်ဖြူကို ပြည်ပသို့ တင်ပို့ခွင့် ပိတ်ပင်လိုက်ပြီးနောက် ဘူတန်နိုင်ငံက ဆန်တင်ပို့ခွင့်ပြုရန် အိန္ဒိယကို တောင်းဆိုခဲ့သည်ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောကြားထားကြောင်း Hindustan Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာတွင် ဆန်တင်ပို့မှုအများဆုံးဖြစ်သည့် အိန္ဒိယသည် ကမ္ဘာတစ်ဝှမ်း စပါးအထွက်နှုန်းကို ထိခိုက်စေသည့် အယ်နီညိုရာသီဥတုပုံစံနှင့် ရုရှားနိုင်ငံက ယူကရိန်းနှံစားသီးနှံတင်ပို့မှုသဘောတူညီမှုမှ နုတ်ထွက်မှုများကို စိုးရိမ်ပူပန်မှုများကြောင့် ဆန်တင်ပို့မှုကို တားမြစ်ခဲ့ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းမှာလည်း တဟုန်ထိုးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။  

ဘူတန်သည် အိန္ဒိယသို့ ဆန်တန်ချိန် ၉၀၀၀၀ အထိ တင်ပို့မှုအတွက် သံတမန်ရေးရာတောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယ၏တားမြစ်ချက်ကြောင့် ကမ္ဘာ့စျေးနှုန်းများသည် ၁၂ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဆန်စပါးဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ၁၂၉.၇ မှတ်အထိ ခုန်တက်သွားပြီး ယခင်နှစ်ကထက် ၁၉.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊  ကမ္ဘာ့ဆန်တင်ပို့မှုတွင် အိန္ဒိယ၏တင်ပို့မှုသည် ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းလည်း သိရှိရပါသည်။

အိန္ဒိယ၏ဆန်ပိတ်ပင်မှုသည် အစိုးရအချင်းချင်းသဘောတူညီချက်များဖြင့် တင်ပို့ခြင်းများကို ကင်းလွတ်ခွင့်ပြုထားပြီး အမှန်တကယ်စားနပ်ရိက္ခာဖူလုံရေးလိုအပ်ချက်ရှိသည့် “မိတ်ဆွေနိုင်ငံများ” မှ တောင်းဆိုမှုများတွင် ကင်းလွတ်ခွင့်ပြုထားပါကြောင်း၊ အလားတူဖြေလျှော့မှုများသည် မေလ 2022 ခုနှစ်တွင် စတင်ခဲ့သော ဂျုံတင်ပို့မှုတားမြစ်ချက်နှင့်လည်း တူညီမှုရှိသည်ဟု သိရှိရပါသည်။

ယင်းကဲ့သို့သော ကင်းလွတ်ခွင့်များအောက်တွင် အိန္ဒိယနိုင်ငံမှ တင်ပို့သည့်ဆန်ကို တစ်ဆင့်ကုန်သွယ်မှုအတွက် အသုံးမပြုနိုင်ကြောင်းနှင့် ပြည်တွင်းစားသုံးမှုအတွက်သာ အသုံးပြုရန် ပြဌာန်းထားပါကြောင်း၊ ယခုကဲ့သို့သံတမန်ရေးတောင်းဆိုမှုများကို ပြည်ပရေးရာဝန်ကြီးဌာနက ပထမအကြိမ်ပြန်လည်သုံးသပ်ထားကြောင်းနှင့် ဘူတန်၏ဆန်တင်သွင်းခွင့်တောင်းဆိုမှုသည် လက်ခံနိုင်ဖွယ်ရှိကြောင်း၊ အဆိုပြုချက်ကို စားနပ်ရိက္ခာဝန်ကြီးဌာနထံပေးပို့ပြီးသည်နှင့် နိုင်ငံ၏အဓိကစားနပ်ရိက္ခာအေဂျင်စီဖြစ်သော India Food Corporation သည် တောင်းဆိုမှုအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

ယမန်နှစ် ဂျုံပိတ်ပင်မှုအပြီး ဆောင်ရွက်သည့်အချိန်တွင်လည်း အိန္ဒိယသည် ဂျုံကို အဓိကတင်ပို့သူမဟုတ်သော်လည်း မိတ်ဖက်နိုင်ငံများ၏ အမှန်တကယ်စားနပ်ရိက္ခာဖူလုံရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဟု  စားနပ်ရိက္ခာဝန်ကြီး Piyush Goyal က ချက်ချင်းပြောကြားခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့သော်လည်း နိုင်ငံအချို့သို့ တင်ပို့ခွင့်ပြုခဲ့ပါကြောင်း၊ ဂျုံနှင့်ဆန်ကွဲများ ပိတ်ပင်ထားချိန်မှစ၍ အိန္ဒိယသည် နီပေါသို့ ဂျုံတန်ချိန် ၃၀၀,၀၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၂၀၀,၀၀၀၊ အင်ဒိုနီးရှားသို့ ဆန်ကွဲတန်ချိန် ၅၀၀,၀၀၀၊ ဆီနီဂေါသို့ ဆန်ကွဲတန်ချိန် ၅၀၀,၀၀၀ နှင့် ဂမ်ဘီယာသို့ ဆန်ကွဲတန်ချိန် ၅၀,၀၀၀ တို့ကို လူသားချင်း စာနာထောက်ထားမှုအကူအညီဖြင့် ဆန်ကွဲတန်ချိန် ၅ သောင်းကျော် တင်ပို့ခဲ့ကြောင်းလည်း Hindustan Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source: Bhutan reaches out for rice amid export ban, India likely to offer it , Hindustan Times, 8 August, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)