India (Kolkata)

အိန္ဒိယအစိုးရသည် ၎င်း၏ဆန်တင်ပို့မှုမူဝါဒကို ပြင်ဆင်ဖြေလျှော့ခဲ့ပြီး၊ အချို့သောအခြေအနေများအောက်တွင် တင်ပို့ခွင့်ပြု

Last Updated:

အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုနှင့်ပတ်သက်သည့် ၎င်း၏မူဝါဒကို ပြင်ဆင်ဖြေလျှော့ခဲ့ပြီး၊ အချို့သောအခြေအနေများအောက်တွင် တင်ပို့ခွင့်ပြုခဲ့ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)မှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာအရ သိရသည်။

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ ၂၀/၂၀၂၃ ကိုပြင်ဆင်ဖြေလျှော့သည့် အမိန့်ကြော်ငြာစာ ၂၉/၂၀၂၃ ကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ DGFT ၏အမိန့်ကြော်ငြာစာအရ ဇူလိုင်လ ၂၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ ၂၀/၂၀၂၃ ၏ အပိုဒ် ၂(၃) ကို ပြင်ဆင်ဖြေလျှော့ခဲ့ပြီး၊ ဘာစမာတီမဟုတ်သော ဆန်များကို သတ်မှတ်ထားသော အခြေအနေများအောက်တွင် တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခင်အမိန့်ကြော်ငြာစာစတင်အသက်ဝင်သည့် နေ့ရက်နှင့်အချိန်ဖြစ်သည့် ဇူလိုင်လ ၂၀ ရက်နေ့၊ ၂၁ နာရီ ၅၇ မိနစ် ၀၁ စက္ကန့်မတိုင်မီ အကောက်ခွန်ဌာနထံ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကာ အကောက်ခွန်ဌာန၏ အီလက်ထရောနစ်စနစ်တွင် စာရင်းသွင်းထားပြီးသောဆန်များ သို့မဟုတ် ယင်းနေ့ရက်နှင့်အချိန်မတိုင်မီ အကောက်ခွန်ဌာနသို့ ဝင်ရောက်ပြီးဖြစ်ကာ သက်ဆိုင်ရာအကောက်ခွန်ဌာန၏ အီလက်ထရောနစ်စနစ်တွင် စာရင်းသွင်းထားပြီးဖြစ်သော ဆန်ပို့ကုန်များကို တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေ့ရက်နှင့် အချိန်မတိုင်မီ ပို့ကုန်ခွန်များပေးဆောင်ပြီးဖြစ်ရန်လိုကြောင်း ဖော်ပြထားသည်။ အဆိုပါဆန်များတင်ပို့မှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အထိ တင်ပို့ခွင့်ပြုမည်ဖြစ်သည်။

တစ်ဆက်တည်းတွင် DGFT မှ ဩဂုတ်လ ၃၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ဒုတိယအမိန့် ကြော်ငြာစာ ၃၀/၂၀၂၃ အရ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ဘူတန်၊ မောရိရှနှင့် စင်ကာပူနိုင်ငံများသို့ အိန္ဒိယနိုင်ငံ အမျိုးသားသမဝါယမအဖွဲ့ချုပ်လိမိတက်(National Cooperative Federation of India Limited, NCFC)မှတစ်ဆင့်ခွင့်ပြုပေးခဲ့သည်။ အဆိုပါအမိန့်ကြော်ငြာစာအရ ဘာစမာတီမဟုတ်သောဆန်ဖြူကို ဘူတန်နိုင်ငံသို့ ၇၉၀၀၀ တန်၊ မောရိရှနိုင်ငံသို့ ၁၄၀၀၀ တန်နှင့် စင်ကာပူနိုင်ငံသို့ ၅၀၀၀၀ တန်တင်ပို့ရန် အတည်ပြုခဲ့သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရအနေဖြင့် အဆိုပါအမိန့်ကြော်ငြာစာ ၂၉/၂၀၂၃ အရ ယခင်အမိန့်ကြော်ငြာစာမထုတ်ပြန်မီကာလက ပြည်ပသို့ တင်ပို့ရန် အသင့်ရှိခဲ့သော ဆန်တင်ပို့ရောင်းချသူများအား သက်သာရာရစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အချို့သောမိတ်ဆွေနိုင်ငံများက ၎င်းတို့၏စားနပ်ရိက္ခာဖူလုံမှုအတွက် တောင်းဆိုလာပါက ခြွင်းချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည်ကို အမိန့်ကြော်ငြာစာ ၃၀/၂၀၂၃ အရ ဘူတန်၊ မောရိရှနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ခွင့်ခွင့်ပြုပေးခဲ့သည်ကို တွေ့ရှိရပါသည်။ တစ်ဖက်တွင် ပြည်တွင်း၌ ဆန်အလုံအလောက်ရှိရန်နှင့် ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားမှု ဦးစီးဌာန (DGFT)၏ အမိန့်ကြော်ငြာစာ ၂၉/၂၀၂၃ နှင့် ၃၀/၂၀၂၃

(ကောင်းထွဋ်‌အောင်စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့(                                                                                             

         

Category: India (Kolkata)