India (Delhi)

G-20 MSME Portal အဆိုပြုထားမှုနှင့်စပ်လျဉ်း၍ အချက်အလက်များလုံခြုံစိတ်ချရမှုအပေါ် အီးယူမှ စိုးရိမ်လျက်ရှိ

Last Updated:

ဥရောပသမဂ္ဂသည် G-20 နိုင်ငံများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှ အဆိုပြုထားသည့် ကြီးမားသောအချက်အလက်ဘဏ္ဍာတိုက်(G-20 MSME portal)တွင် အချက်အလက်များလုံခြုံစိတ်ချရမှုအတွက် စိုးရိမ်မှုများရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အဆိုပါ portal တွင် G-20 အဖွဲ့ဝင်နိုင်ငံများ၏ MSMEs များကို ကဏ္ဍအလိုက် ထုတ်ကုန်ဆိုင်ရာ အချက်အလက်အသေးစိတ်ထည့်သွင်းထားရှိမည်ဖြစ်ကြောင်း၊ MSMEs များ၏ စျေးကွက်သုတေသနများအတွက် ကုန်သွယ်မှုနှင့်စီးပွားရေးဆိုင်ရာအချက်အလက်များကို ပံ့ပိုးပေးမည့် အွန်လိုင်းဒစ်ဂျစ်တယ်ပေါ်တယ်ကို တည်ထောင်ခြင်းသည် အရေးကြီးပါကြောင်း၊ သို့ရာတွင် EU နိုင်ငံများအပါအဝင် အဖွဲ့ဝင်အချို့သည် အချက်အလက်များလုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားထားပါကြောင်းနှင့် Portal နှင့် Data များကို မည်သို့စီမံခန့်ခွဲမည်ကို မေးမြန်းထားသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရှိရပါသည်။

MSME portal ကို ထူထောင်ခြင်းသည် အိန္ဒိယနိုင်ငံ၏ G-20 ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း ချမှတ်ထားသည့်ရည်မှန်းချက်ကြီးသုံးခုအနက်မှ တစ်ခုဖြစ်ပြီး ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ Jaipur မြို့၌ ကျင်းပမည့် G-20 ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးအဆင့်အစည်းအဝေးတွင် မည်သို့ဆုံးဖြတ်မည်ကိုသိရှိရမည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။

အိန္ဒိယသည် ၎င်း၏ G-20 ဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်သည့်ကာလအတွင်း အဓိကဦစားပေးကဏ္ဍကြီး ၅ ခုကို ဖော်ထုတ်ထားပါကြောင်း၊ ၎င်းတို့မှာ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာရေး၊ ခိုင်မာသောကမ္ဘာ့တန်ဖိုးကွင်းဆက်များ ဖော်ဆောင်နိုင်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ဖြစ်ပါကြောင်း၊ MSME portal တွင် နိုင်ငံအချို့မှ အချက်အလက်များ မျှဝေလိုခြင်းမရှိသော်လည်း အတိုင်းအတာတစ်ခုထိ လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်နေပြီး ပြဿနာများ၏ 80 % ပြေလည်သွားပြီဟု အရာရှိက ဆက်လက် ပြောကြားသည်။

ယင်းအရာရှိ၏ပြောကြားချက်အရ အကြောင်းအရာကိစ္စရပ်များကို virtual စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီး ဝန်ကြီးများအစည်းအဝေး၏ ကြေညာချက်၏ နောက်ဆက်တွဲများအဖြစ် ပါဝင်လာဖွယ်ရှိကြောင်း၊ G-20 အဖွဲ့ဝင်အချို့သည် ပွင့်လင်းမြင်သာမှုဆိုင်ရာ ပြဋ္ဌာန်းချက်များပါ၀င်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးရည်မှန်းချက်အတွက် စိုးရိမ်ပူပန်မှုများလည်းရှိနေကြောင်း သိရှိရသည်။

အိန္ဒိယသည် G–20 ဝန်ကြီးများအဆင့်အစည်းအဝေးတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအစီအစဉ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာကုန်သွယ်မှုများအတွက်  ရှင်းလင်းသောရည်ရွယ်ချက်များသတ်မှတ်ရေးလုပ်ငန်းအစီအစဉ်နှင့် လယ်ယာထွက်ကုန်များ၏စျေးနှုန်းများမှတစ်ဆင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန် အခြေခံမူများကို အဆိုပြုထားကြောင်းလည်း ဖော်ပြထား ပါသည်။

သတင်းရင်းမြစ်များအရ ကနေဒါ၊ တရုတ်၊ ရုရှားနှင့် ယူကေတို့မှ ကုန်သွယ်ရေးဝန်ကြီး အနည်းဆုံး ၁၄ ဦး တက်ရောက်မည်ဟု အတည်ပြုထားကြောင်းနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် ဥရောပကုန်သွယ်ရေးကော်မရှင်နာတို့ တက်ရောက်မည်ဟု အတည်ပြုထားကြောင်းလည်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source: EU raises data privacy concerns over proposed G20 MSME portal, The Economic Times, 14 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)