India (Delhi)

အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်နေသည့်ကာလအတွင်း နီပေါနိုင်ငံမှ တင်သွင်းမှုများ ဆောင်ရွက်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် ခရမ်းချဉ်သီးဈေးနှုန်းများ စံချိန်တင်မြင့်တက်နေချိန်တွင် နီပေါနိုင်ငံမှ တင်သွင်းမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Nirmala Sitharaman က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ပါလီမန်တွင် ပြောကြားခဲ့သည့်ဝန်ကြီး၏မိန့်ခွန်းအတွင် ပထမဆုံးတင်သွင်းလာသည့် ခရမ်းချဉ်သီးအများအပြားသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ Varanasi၊ Lucknow နှင့် Kanpur မြို့များသို့ သောကြာနေ့တွင် ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ရိုက်တာသတင်းဌာနတွင် ဖော်ပြထားချက်များအရ ခရမ်းချဉ်သီးဈေးသည် မိုးရွာသွန်းမှုလျော့နည်းခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် သီးနှံကို ထိခိုက်စေသည့် ဗိုင်းရပ်စ်ပိုးဖြစ်ပွားမှုစသည့် အကြောင်းရင်းများကြောင့်  လွန်ခဲ့သည့်သုံးလအတွင်း လက်ကားဈေးတွင် ၁၄၀ ရူပီး(၁.၆၉ ဒေါ်လာ)အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Shaktikanta Das က ခရမ်းချဉ်သီး၊ နှံစားသီးနှံနှင့် ပဲမျိုးစုံဈေးနှုန်းများကြီးမြင့်မှုသည် ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေသည်ဟု ငွေကြေးမူဝါဒကော်မတီ(Monetary Policy Committee-MPC)အစည်းအဝေး၏ အဓိကဆုံးဖြတ်ချက်များကို ကြေညာစဉ်တွင်ပြောကြားထားပါသည်။

ခရမ်းချဉ်သီးဈေးနှုန်းများသည် ဇွန်လနှင့် ဇူလိုင်လများတွင် သိသာထင်ရှားစွာမြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် စားသုံးသူစျေးနှုန်းညွှန်းကိန်း(CPI)တွင် စုစုပေါင်း ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်းနှင့် ဇွန်လတွင် ခုနစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်ဟု အစိုးရကထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရကြောင်း The Economic Times သတင်းစာကဖော်ပြထားပါသည်။

ခရမ်းချဉ်သီးဈေးနှုန်းသည် ပုံမှန်းအားဖြင့် ရိတ်သိမ်းချိန်ကာလဖြစ်သည့် ဩဂုတ်လမှစ၍ စျေးများသက်သာလေ့ရှိသော်လည်း ယခုနှစ်တွင် ၀ယ်လိုအားကောင်းနေသဖြင့် အောက်တိုဘာလအထိ ဈေးနှုန်းမြင့်မားနေမည်ဟု ကုန်သည်များက မျှော်လင့်လျက်ရှိကြောင်း၊ ကြက်သွန်နီ၊ ပဲမျိုးစုံ၊ မုန်လာဥနီ၊ ဂျင်း၊ ငရုတ်သီးနှင့် ခရမ်းချဉ်သီးကဲ့သို့သော အခြေခံစားသောက်ကုန်များစျေးနှုန်းကြီးမြင့်မှုသည် လာမည့်လအနည်းငယ်အတွင်း ပြည်နယ်ရွေးကောက်ပွဲများမတိုင်မီ မဲဆန္ဒရှင်များ၏မကျေနပ်မှုကို ဖြစ်ပေါ်စေသည်သာမက စျေးနှုန်းများမြင့်မားမှုသည် လက်လီဈေးကွက်တွင် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေကြောင်းလည်း ဖော်ပြထားပါသည်။

Source : India to import tomatoes from Nepal amid surge in price, says Nirmala Sitharaman, The Economic Times, 10 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)