India (Delhi)

အိန္ဒိယနှင့် ဆော်ဒီအာရေဗျနိုင်ငံအကြား ကုန်သွယ်မှုမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထိ နှစ်ဆတိုးတက်လာနိုင်သည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး ပြောကြား

Last Updated:

အိန္ဒိယနှင့် ဆော်ဒီအာရေဗျတို့သည် ဟန်ချက်ညီညီအကောင်အထည်ဖော်ဆောင်ရွက်လျက်ရသဖြင့် လက်ရှိအချိန်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၅၂ ဘီလီယံသာရှိရာမှ လာမည့်နှစ်များအတွင်း ဒေါ်လာဘီလီယံ ၁၀၀ အထိ နှစ်ဆတိုးလာနိုင်သည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush Goyal က တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ၎င်းတို့၏နိုင်ငံတော်ပိုင်ငွေ(Sovereign Wealth Fund)ဖြင့် ဂူဂျာရတ်ပြည်နယ်ရှိ GIFT မြို့တော်တွင် ရင်းနှီးမြှုပ်နှံမှုများလာရောက်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(FICCI)သည် Invest India နှင့်ပူးပေါင်း၍ Riyadh မြို့တွင် ရုံးခန်းဖွင့်လှစ်ရန် FICCI က ဦးစီး၍ ကျင်းပပြုလုပ်သည့် အခမ်းအနား၌ ဝန်ကြီး Piyush Goyal က ဆော်ဒီအာရေဗျရင်းနှီးမြှုပ်နှံမှုဝန်ကြီး Khalid A. Al Falih အား အကြံပြုထားကြောင်း သိရသည်။

ထို့အပြင် ဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်‌ဒေါ်လာ ၁၀၀ ဘီလီယံထိရောက်ရှိလာနိုင်ပါကြောင်း၊ ဆော်ဒီအာရေဗျသည် အိန္ဒိယနိုင်ငံသို့ ရေနံနှင့် ဓာတ်မြေသြဇာကဲ့သို့ စွမ်းအင်လုံခြုံရေး အတွက် ဆောင်ရွက်ပေးသကဲ့သို့ အိန္ဒိယသည် ဆော်ဒီအာရေဗျအတွက် စားနပ်ရိက္ခာဖူလုံရေးကို ပံ့ပိုးပေးသူဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် မျှတသည့်ကုန်သွယ်မှုကိုတည်ဆောက်ထားကြောင်း ပြောကြားထားသည်။

ဆော်ဒီအာရေဗျသို့ အိန္ဒိယ၏ပို့ကုန်သည် ၂၀၂၁-၂၀၂၂ တွင် ကန်ဒေါ်လာ ၈.၈ ဘီလီယံမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀.၇၂ ဘီလီယံအထိ တိုးလာခဲ့ကြောင်း၊  တစ်ဖက်တွင်မူ အဓိကအားဖြင့် ရေနံတင်သွင်းမှုများကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၃၄.၁ ဘီလီယံမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၄၂ ဘီလီယံအထိ တိုးလာခဲ့ကြောင်း သိရသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Goyal က နှစ်နိုင်ငံသည် အိုင်တီ၊ စားသောက်ကုန်ထုတ်လုပ်ခြင်း နှင့် ဆေးဝါးများကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုခဲ့ပြီး ဆော်ဒီဝန်ကြီး Khalid A. Al Falih က အိန္ဒိယရှိ ဆော်ဒီရင်းနှီးမြှုပ်နှံသူများ အဆင်ပြေစေရန်အတွက် အိန္ဒိယနိုင်ငံသည် ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းပြတ်သားမှုရှိသော စည်းမျဉ်းစည်းကမ်းမူဘောင်ကို ပံ့ပိုးပေးရန် အကြံပြုခဲ့သည်။

ဆော်ဒီအိမ်ရှေ့စံမင်းသား Mohammed Bin Salman Bin Abdulaziz Al-Saud သည် တနင်္ဂနွေနေ့တွင် G20 ထိပ်သီးအစည်းအဝေးပြီးဆုံးပြီးနောက် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်အကြီးအကဲခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ၎င်းနှင့်အတူ ဝန်ကြီးများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များလိုက်ပါလာကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန်နှင့် ကုန်သွယ်မှုတွန်းအားပေးဆောင်ရွက်ရန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ နားလည်မှုစာချွန်လွှာ ၅၀ ခန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

Source: India, Saudi Arabia to double trade to $100 billion: Piyush Goyal, The Economic Times, September 11 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)