India (Delhi)

အိန္ဒိယနှင့် အာဆီယံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်အား ပြန်လည်သုံးသပ်မှု ပထမအကြိမ်ဆွေးနွေးပွဲကို နိုဝင်ဘာလတွင် စတင်မည်

Last Updated:

အိန္ဒိယနှင့် အာဆီယံ ၁၀ နိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)အတွက် ပြန်လည်သုံးသပ်ရေးဆွေးနွေးမှုများကို နိုဝင်ဘာလတွင် တရားဝင်စတင်ရန် မျှော်လင့်ထား သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း၊ ဒေသနှစ်ခုကြားရှိ ကုန်စည်ဆိုင်ရာသဘောတူညီချက်အား ပြန်လည်သုံးသပ်မှုကို အရှိန်အဟုန်ဖြင့် ညှိနှိုင်းဆွေးနွေးရန် သဘောတူညီခဲ့ကြပြီး ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ရန် သြဂုတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ Semarang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် နှစ်ဆယ်ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အိန္ဒိယနိုင်ငံအကြား ဆွေးနွေးညှိနှိုင်းသည့်အစည်းအဝေး(Asean Economic Ministers (AEM)-India Consultation Meeting)  အတွင်း သဘောတူညီခဲ့ကြကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ဂျကာတာမြို့၌ ကျင်းပသည့် ၂၀ ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက အာဆီယံ-အိန္ဒိယလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်(ASEAN - India Trade in Goods Agreement - AITIGA) အား အချိန်အကန့်အသတ်ဖြင့် ပြန်လည်သုံးသပ်မှုကို အပြီးသတ်ရန်လိုအပ်သည်ဟု အလေးပေးပြောကြားခဲ့ကြောင်း၊ FTA ကို ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ AITIGA ကို ပြန်လည် သုံးသပ်ခြင်းသည် အိန္ဒိယစီးပွားရေးလုပ်ငန်းများ၏ ကာလရှည်ကြာလိုအပ်ချက်တစ်ခုဖြစ်ပြီး ပြန်လည်သုံးသပ်မှုကို ဆောလျင်စွာစတင်ခြင်းသည် လွတ်လပ်သောကုန်သွယ်မှုကို အဆင်ပြေချောမွေ့စေပြီး အပြန်အလှန်အကျိုးရှိစေမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားထားကြောင်း သိရ သည်။

အာဆီယံနှင့် အိန္ဒိယနှစ်ဘက်လုံးက သုံးလတစ်ကြိမ်ညှိနှိုင်းမှုအချိန်ဇယားကို လိုက်နာပြီး ပြန်လည်သုံးသပ်မှုကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ရန်သဘောတူညီခဲ့ကြကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ Semarang မြို့တွင် ထုတ်ပြန်သည့် ပူးတွဲမီဒီယာသတင်းထုတ်ပြန်ချက်အရ ကုန်သွယ်မှုကို တိုးမြှင့်ရန်နှင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့်တိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအသုံးပြုရလွယ်ကူပြီး ရိုးရှင်းလွယ်ကူသော ကုန်သွယ်မှုသဘောတူညီချက် အကောင်အထည်ဖော်ရန် နှစ်ဘက်သဘောတူညီခဲ့ကြကြောင်း သိရသည်။

ကုန်သွယ်မှုဆိုင်ရာအတားအဆီးများနှင့် ကုန်သွယ်မှုစာချုပ်ကို အလွဲသုံးစားလုပ်မှုများပပျောက်စေရန်ရည်ရွယ်ချက်ဖြင့် သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန် အိန္ဒိယက တောင်းဆိုထားပါ ကြောင်း၊ ယေဘုယျအားဖြင့် ထိုပြန်လည်သုံးသပ်ရေးညှိနှိုင်းဆွေးနွေးပွဲများတွင် ပင်ရင်းနိုင်ငံထုတ်ကုန်စည်းမျဉ်းများနှင့် စိစစ်ရေးလုပ်ငန်းစဉ်များ၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများတွင် ပိုမိုဖြေလျှော့ပေးရေး၊ ကုန်သွယ်မှုအချက်အလက်မျှဝေခြင်းနှင့် အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များ ပါဝင်မည်ဖြစ်ပါကြောင်း သိရသည်။

ကုန်သွယ်မှုဆိုင်ရာကျွမ်းကျင်သူများက FTA အား ပြန်လည်သုံးသပ်ရန်တောင်းဆိုမှုမှာ အိန္ဒိယ၏အာဆီယံသို့ ကုန်တင်ပို့မှုများအပေါ် အပြန်အလှန်မဟုတ်သည့် အခွန်လျှော့ပေါ့မှုများ၊ အကောက် ခွန်မဟုတ်သည့်အတားအဆီးများ၊ သွင်းကုန်လုပ်ထုံးလုပ်နည်းများနှင့် ခွဲတမ်းပမာဏကိုတာသတ်မှတ်ချက်များ၏ သက်ရောက်မှုများကြောင့်ဖြစ်ကြောင်း၊ ထိုအပြင် စိုးရိမ်မှုများမြင့်တက်လာရသည့် အခြားအကြောင်းအရင်းတစ်ခုမှာ သဘောတူညီချက်၏ အားသာချက်များကို ရယူခြင်းဖြင့် အာဆီယံအဖွဲ့ဝင်များမှတစ်ဆင့် အိန္ဒိယရှိ တတိယနိုင်ငံမှ ကုန်ပစ္စည်းများကို လမ်းကြောင်းလွှဲခြင်းနှင့်ပတ်သက်၍ ဖြစ်ပါကြောင်းနှင့် အာဆီယံသည် တရုတ်နှင့် ပိုမိုနက်ရှိုင်းသော စီးပွားရေးဆက်ဆံမှုရှိကြောင်းလည်း ဖော်ပြထားသည်။

အာဆီယံသို့ အိန္ဒိယ၏ ပို့ကုန်သည် ၂၀၂၁-၂၂ တွင် ကန်ဒေါ်လာ ၄၂ ဒသမ ၃၂ ဘီလီယံရှိရာမှ ၂၀၂၂-၂၃ တွင် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံတိုးလာပါကြောင်း၊ သို့ရာတွင်  သွင်းကုန်သည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈  ဘီလီယံသာရှိရာမှ  ၂၀၂၂-၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၈၇.၅၇ ဘီလီယံသို့ ခုန်တက်သွားသဖြင့် ကုန်သွယ်မှုလိုငွေသည် အမေရိကန်ဒေါ်လာ ၄၃.၅၇ ဘီလီယံအထိ ကျယ်ပြန့်လာကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယသည် အာဆီယံနှင့် လွတ်လပ်သောသဘောတူစာချုပ်အပေါ် နစ်နာမှုများရှိသည်ဟု ယူဆသဖြင့် ပြန်လည်သုံးသပ်မှုများဆောင်ရွက်သွားမည့် အခြေအနေအပေါ် သိရှိနိုင်ပါရန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့ပါဝင်ထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များကို ပြန်လည်စိစစ်ညှိနှိုင်းခြင်းများ ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်ရပါသည်။

Source: First round of talks for India, Asean FTA review may start from Nov, The Economic Times, 7 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)