India (Delhi)

အိန္ဒိယအစိုးရသည် ဈေးနှုန်းထိန်းချုပ်နိုင်ရန်အတွက် ကြက်သွန်နီတင်ပို့မှုများအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံ

Last Updated:

အိန္ဒိယအစိုးရက ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကို ဟန့်တားနိုင်ရန်နှင့် ပြည်တွင်းဈေးကွက်တွင် ၀ယ်လိုအားတိုးတက်စေရန်အတွက် ပို့ကုန်အပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံရန် စနေနေ့တွင် ချမှတ်ခဲ့ကြောင်းနှင့် ယင်းအခွန်ကောက်ခံမှုကို  ချက်ချင်းအသက်ဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး 2023 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့အထိ သက်ရောက်မှုရှိမည်ဟုဖော်ပြထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ အိန္ဒိယတစ်ဝှမ်းလုံး၏ ကြက်သွန်နီပျမ်းမျှလက်လီဈေးသည် စနေနေ့တွင် တစ်ကီလိုလျှင် ၃၁ ရူပီးရှိပြီး အမြင့်ဆုံးဈေးမှာ တစ်ကီလိုလျှင် ၆၃ ရူပီးနှင့် အနိမ့်ဆုံးတစ်ကီလိုလျှင် ၁၀ ရူပီးဖြစ်ပါကြောင်း၊ ကြက်သွန်နီသည် ခရမ်းချဉ်သီးပြီးနောက် ဈေးနှုန်းမြင့်တက်လာနိုင်သည့် ဒုတိယအခြေခံစားကုန်ဖြစ်ပြီး လက်လီစျေးနှုန်းသည် လကုန်တွင် တစ်ကီလိုလျှင် ၆၀/၇၀ ရူပီးအထိရှိလာနိုင်ကြောင်း ဈေးကွက်စောင့်ကြည့်ရေးအေဂျင်စီတစ်ခုဖြစ်သည့် Crisil က သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သည့် ၎င်း၏အစီရင်ခံစာတွင် သတိပေးထားကြောင်း သိရှိရပါ သည်။

ယခုလအတွင်း ကြက်သွန်နီဈေးနှုန်းများဆက်လက်မြင့်တက်နေပြီး စက်တင်ဘာလတွင် ဈေးနှုန်းပိုမိုမြင့်တက်လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားထားကြောင်း၊ ဗဟိုအစိုးရမှ ယခင် မှတ်တမ်းများကိုကျော်ဖြတ်ပြီး 2022-23 ခုနှစ်အတွင်း ကြက်သွန်နီအရန်ဝယ်ယူသိုလှောင်မှုအနေဖြင့် တန်ချိန် 2.5 သိန်းကို ၀ယ်ယူထားပါကြောင်း၊ နိုင်ငံတွင် ကြက်သွန်နီများအလုံအလောက်ရှိသော်လည်း ယခုနှစ်နွေရာသီအပူလွန်ကဲမှုကြောင့် အရည်အသွေးမကောင်းသော ကြက်သွန်နီအချိုးအစားမြင့်မားလာခြင်းသည် အရည်အသွေးကောင်းမွန်သည့် ကြက်သွန်နီများကို ဈေးနှုန်းကြီးမြင့်စေကြောင်း၊ တစ်ချိန်တည်းမှာပင် ကြက်သွန်နီတင်ပို့မှုပမာဏသည် ၆၄ ရာခိုင်နှုန်းခုန်တက်ခဲ့ပြီး ၂၀၂၂-၂၃ တွင် တန်ချိန် ၂၅.၂၅ သိန်းဖြင့် ခြောက်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ နှစ်စဉ်လက်လီငွေကြေးဖောင်းပွမှုသည် ဇွန်လတွင် ၄.၈၇ ရာခိုင်နှုန်းသာရှိရာမှ ဇူလိုင်လတွင် ၁၅ လတာအမြင့်ဆုံးနှုန်းထားဖြစ်သည့် ၇.၄၄ ရာခိုင်နှုန်းသို့ သိသိသာသာမြင့်တက်ခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် သီးနှံဈေးများ သိသိသာသာခုန်တက်သွားခဲ့ပါကြောင်း၊ အချက်အလက်များအရ ငါးလအတွင်း ပထမဆုံးအကြိမ်အဖြစ် RBI ၏ ငွေကြေးဖောင်းပွမှုနှုန်း 2 ရာခိုင်နှုန်းနှင့် 6 ရာခိုင်နှုန်း ခန့်မှန်းချက်၏ အမြင့်ဆုံးနှုန်းထားကို ကျော်လွန်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

သြဂုတ်လအတွင်း စားသောက်ကုန်ဈေးနှုန်းအချက်အလက်များအရ ယခုလအတွင်း ကောက်ပဲသီးနှံနှင့် ပဲမျိုးစုံဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း၊ ခရမ်းချဉ်သီးဈေးနှုန်းသည် မကြာခင်က ပြန်လည်ကျဆင်းသွားသည်ဟုဖော်ပြထားသော်လည်း ပျမ်းမျှအားဖြင့် ပြန်လည်ဈေးတက်လာနိုင်ကြောင်းနှင့် ကြက်သွန်နီနှင့်အာလူးဈေးနှုန်းများမှာလည်း ဆက်တိုက်မြင့်တက်နေသည်ဟု အိန္ဒိယဗဟိုဘဏ်၏ သြဂုတ်လစာစောင်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

နိုင်ငံတွင် ကြက်သွန်နီများအလုံအလောက်ရှိသော်လည်း ယခုနှစ် နွေရာသီအပူလွန်ကဲမှုကြောင့် ကြက်သွန်နီအများစု၏ အရည်အသွေးကျဆင်းခဲ့သဖြင့် အရည်အသွေးကောင်းမွန်သည့်ကြက်သွန်နီများ ဈေးတက်နေကြောင်း၊ ထို့အပြင် အခြားသောဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းမြင့်တက်မှုသည်လည်း ကြက်သွန်နီဈေးနှုန်းမြင့်တက်ရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု ကုန်သည်များက ပြောကြားကြကြောင်း The Economic Times သတင်းစာက ဖော်ပြထားသဖြင့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအား ထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယအစိုးရမှ မူဝါဒများ ချမှတ်ဆောင်ရွက်နေမှုအခြေအနေကို တင်ပြလိုက်ရပါသည်။

Source: Govt imposes 40% duty on onion exports to check the price rise, The Economic Times, 19 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)