India (Kolkata)

ဂျီ-၂၀ ထိပ်သီးညီလာခံတက်ရောက်ရန်နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (FTA) ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ဥရောပသမဂ္ဂထိပ်တန်းကုန်သွယ်ရေးအရာရှိတစ်ဦး အိန္ဒိယနိုင်ငံသို့ လာရောက်မည်

Last Updated:

ဥရောပသမဂ္ဂ(အီးယူ)ကော်မရှင် အမှုဆောင်ဒုတိယဥက္ကဌနှင့် ကုန်သွယ်ရေးမင်းကြီး Valdis Dombrovskis သည် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ လာရောက်ရန်ရှိပြီး၊ Jaipur မြို့၌ ကျင်းပ ပြုလုပ်မည့် ဂျီ-၂၀ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးများအစည်းအဝေးသို့ ဦးစွာပထမ တက်ရောက်မည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ယခုလ (၂၁) ရက်တွင် ဖော်ပြသည်။

ထို့နောက် ၎င်းသည် နယူးဒေလီမြို့တော်တွင် ကျင်းပပြုလုပ်မည့် အီးယူ-အိန္ဒိယကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဆင့်မြင့်ဆွေးနွေးပွဲ(EU-India High Level Dialogue on Trade & Investment)တွင် အိန္ဒိယကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန်ရှိကြောင်းနှင့် ခရီးစဉ်အတွင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman နှင့်လည်း တွေ့ဆုံကာ ဥရောပသမဂ္ဂနှင့်အိန္ဒိယနိုင်ငံဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယေဘုယျအားဖြင့် ဥရောပသမဂ္ဂသည် အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်မှန်းထားပြီး အရေးကြီးသော သဘောတူညီချက်(၃)ရပ်ဖြစ်သည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်၊ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးသဘောတူညီချက်နှင့် ပထဝီဝင်ဆိုင်ရာ အညွှန်းကိန်းများ သဘောတူညီချက်တို့အပေါ် အပြီးသတ်စေ့စပ်ညှိနှိုင်းသွားရန် လုပ်ဆောင်လျက်ရှိ သည်။

အဆိုပါအီးယူကော်မရှင် အမှုဆောင်ဒုတိယဥက္ကဌသည် ၎င်း၏အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ဥရောပစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်(FEBI)တည်ထောင်ရန် အီးယူကိုယ်စားလှယ်အဖွဲ့နှင့် အထူးလုပ်ငန်းအဖွဲ့တို့မှ ပူးပေါင်းစီစဉ်သည့် ဥရောပစီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့လည်း သီးခြားအစီအစဉ်အဖြစ် ပါဝင်တက်ရောက်မည်ဖြစ်သည်။

ယခုလ(၂၄)ရက်မှ (၂၅)ရက်နေ့အထိ Jaipur မြို့၌ ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးညီလာခံတွင် အဓိကဆွေးနွေးမည့်အကြောင်းအရာများမှာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှင့် သာယာဝပြောရေးအတွက် နိုင်ငံစုံကုန်သွယ်မှု(multilateral trade)၊ အားလုံးပါဝင်ပြီး ခံနိုင်ရည်ရှိသော ကုန်သွယ်မှု (inclusive and resilient trade)၊ ထောက်ပံ့ရေးကွင်းဆက်များ (supply chain) တို့အပြင် စက္ကူမဲ့ကုန်သွယ်မှု (paperless trade) အတွက် နည်းပညာကို အသုံးချခြင်း စသည်တို့ပါဝင်သည်။

အမှုဆောင်ဒုတိယဥက္ကဌ Dombrovskis က “အိန္ဒိယနိုင်ငံသည် အီးယူအတွက် အဓိကမိတ်ဖက်နိုင်ငံဖြစ်ပြီး လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုတွေကို မြှင့်တင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် မည်သို့လုပ်ဆောင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး အိန္ဒိယမိတ်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါ ဂျီ-၂၀ ဆွေးနွေးပွဲသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ (၁၃)ကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံမတိုင်မီ ခြောက်လအလိုတွင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းစီးပွားရေးအခြေအနေလှုပ်ခတ်လျက်ရှိစဉ် နိုင်ငံစုံကုန်သွယ်မှုအစီအစဉ်ကို ရှေ့သို့မောင်းနှင်နိုင်မည့် အဆိုပါအခွင့်အရေးအား ဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

အဆိုပါအီးယူကော်မရှင်၏ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ကုန်သွယ်ရေးမင်းကြီး၏ ခရီးစဉ်သည် အီးယူနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်ရည်ရွယ်ပါသည်။ မိတ်ဖက်နှစ်ဦးစလုံးသည် ၎င်းတို့၏ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်သည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်အသစ်များကို နိဂုံးချုပ်နိုင်ရန် အပြီးသတ်စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည့်အပေါ် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

The Economic Times သတင်းဌာန၊ “EU top trade official travel to India for G20 meet & FTA talks”၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၁) ရက်။

)ကောင်းထွဋ်‌အောင်စီးပွား‌ရေးသံမှူးကော်လ်ကတ္တားမြို့(                                                                                             

                                                                                             

 

Category: India (Kolkata)