India (Delhi)

ရွေးကောက်ပွဲမတိုင်မီ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်မည့်အစီအစဉ်များအနက် အိန္ဒိယအစိုးရသည် စက်သုံးဆီများအတွက် အခွန်လျှော့ချမှုများ မကြာမီဆောင်ရွက်လာနိုင်ဖွယ်ရှိ

Last Updated:

အိန္ဒိယတာဝန်ရှိသူများသည် ဗဟိုအစိုးရ၏ဘဏ္ဍာရေးလိုငွေပြမှုသတ်မှတ်ချက်(Federal Deficit Target)ကိုမထိခိုက်စေဘဲ စားနပ်ရိက္ခာနှင့် လောင်စာဆီကုန်ကျစရိတ်များမြင့်တက်လာမှုအား ထိန်းချုပ်နိုင်စေရန်အတွက် ဝန်ကြီးဌာနအသီးသီး၏ဘတ်ဂျက်မှ ရူပီး ကုဋေ ၁ သိန်း(ဒေါ်လာ ၁၂ ဘီလျံ) ခွဲဝေပေးရန်အစီအစဉ်ကို စဉ်းစားနေသည်ဟု ယင်းကိစ္စနှင့် နီးစပ်သူများထံမှ သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီသည် လာမည့်ရက်သတ္တပတ်များအတွင်း ဆုံးဖြတ်ချက်တစ်ခုချမှတ်မည်ဖြစ်ရာ ပြည်တွင်းဓာတ်ဆီရောင်းချမှုအပေါ် အခွန်လျှော့ချခြင်းနှင့် စားသုံးဆီနှင့် ဂျုံတင်သွင်းမှုအခွန်များ ဖြေလျှော့ခြင်းတို့ပါဝင်နိုင်သည်ဟု အမည်မဖော်လိုသူပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားကြောင်း သိရှိရပါသည်။

စားသုံးသူများအတွက် ကုန်ကျစရိတ်ကို ထိန်းညှိပေးမှုအဖြစ် ယခင်နှစ်ကလည်း အစိုးရက ဒေါ်လာ ၂၆ ဘီလီယံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သဖြင့် ယခုထောက်ပံ့ပေးမှုများသည် အလားတူအစီအစဉ်များကို ဒုတိယနှစ်နှစ်ဆက်တိုက် ဆောင်ရွက်ပေးခြင်းဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယခင်အပတ်တွင် ဗဟိုဘဏ်က  ချေးယူငွေ အတိုးနှုန်းထားများပြောင်းလဲမှုမရှိဟု ကြေညာခဲ့ပြီးနောက် ယခုအစီအစဉ်ပေါ်ထွက်လာခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယ၏ချေးငွေအတိုးနှုန်းထားမှာ အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဆိုင်ရာ အန္တရယ်များလည်းရှိကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်မိုဒီ၏ ယခုသီတင်းပတ်အတွင်း နိုင်ငံတော်မိန့်ခွန်းတစ်ရပ်၌ 15 လကြာမြင့်ခဲ့သည့် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန်ကတိပြုခဲ့ပြီးနောက် အစိုးရအရာရှိကြီးများကို ပြန်လည်ဖွဲ့စည်း ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးစသည့်အခြေခံ စားသောက်ကုန်ဈေးနှုန်းများသည် အစိုးရများကို ဖြုတ်ချခဲ့သည့် သာဓကများရှိပါကြောင်း၊ မိုဒီအနေဖြင့် မဲဆန္ဒရှင်များအတွက် ကုန်စျေးနှုန်းထိန်းချုပ်ရန် လအနည်းငယ်ကျန်ရှိနေသေးသော်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ အနီးကပ်စောင့်ကြည့်မှုကို ခံနေရသည့် ဘတ်ဂျက်လိုငွေပြမှုကိုမူ ရပ်တန့်အောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောကြားထားသည်။

အိန္ဒိယတွင် ဘတ်ဂျက်ပြန်လည်ခွဲဝေခြင်းသည် အထူးအဆန်းမဟုတ်ပါကြောင်း၊ ကမ္ဘာတွင် အရှိန်အဟုန်တစ်ခုဖြင့် စီးပွားရေးကြီးထွားလာခြင်းကြောင့် ဗဟိုဘဏ်မှ အမြတ်ငွေတိုးမြင့်လာခြင်းနှင့် ပုံမှန်အခွန်ကောက်ခံမှုများမှ 2024 ခုနှစ် မတ်လအထိ တစ်နှစ်တာဘတ်ဂျက်၏ 2 ရာခိုင်နှုန်းနှင့် ညီမျှသောရူပီးငွေ တစ်ထရီလီယံခန့်တိုးမြှင့်ရရှိထားသဖြင့် သက်တောင့်သက်သာဖြစ်စေသည်ဟုလည်း သိရှိရပါသည်။

ဧပြီလ ၁ ရက်နေ့မှစတင်သည့် တစ်နှစ်တာအတွက် ဘတ်ဂျက်လိုငွေပြမှုရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ၏ ၅.၉ ရာခိုင်နှုန်းကို ကျော်လွန်ခြင်းမရှိစေဘဲ ဆင်းရဲနွမ်းပါးသူများအတွက် သက်သာသောချေးငွေနှင့် အိမ်များထောက်ပံ့ပေးခြင်းကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကိုလည်း အသုံးပြုနိုင်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားထားကြောင်း သိရှိ ရသည်။

ပြည်သူတစ်ဦးကလည်း စားနပ်ရိက္ခာသိုလှောင်၍ ဈေးကစားသူများကို ထိန်းချုပ်နိုင်ပါက ကုန်ဈေးနှုန်းများ ဆက်လက်ကျဆင်းစေမည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ နေရာအတော်များများတွင် မမျှတသောမိုးရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် အဓိကအစားအစာဖြစ်သည့် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီကဲ့သို့သောအသီးအရွက်များအပါအဝင် အိမ်သုံးကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်လာခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရန် 2022 ခုနှစ်တွင် ဂျုံတင်ပို့မှုကို တားမြစ်ခဲ့ပါကြောင်း၊ ဆန်မျိုးကွဲအချို့တင်ပို့မှုကို ပြီးခဲ့သည့်လက တားမြစ်ခဲ့သကဲ့သို့ အစားအသောက်နှင့် ချည်မျှင်အချို့သိုလှောင်ခြင်းကိုလည်း တားမြစ်ထားသည်ဟု The Economic Times သတင်းစာတွင်ဖော်ပြထားသဖြင့် အိန္ဒိယနိုင်ငံ၏ ကုန်ဈေးနှုန်းထိန်းချုပ်ရေးဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Modi govt may soon decide on cutting petrol tax among other steps to quell inflation before vote, The Economic Times, August 17, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)