India (Delhi)

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် အိန္ဒိယသည် 2047 ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာရန် အသေးစိတ်အစီအစဉ်များကို ချပြ

Last Updated:

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီ၏ သြဂုတ် ၁၅ ရက်၌ ပြောကြားခဲ့သည့် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် အိန္ဒိယနိုင်ငံသည် 2047 ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန်အတွက် အသေးစိတ်အစီအစဉ်များ ချမှတ်ထားမှုအခြေအနေနှင့် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ၎င်းအစိုးရ၏ ထင်ရှားသောအောင်မြင်မှုများကို ဖော်ပြခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် ထင်ရှားသည့်အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေပြီး ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသော ကမ္ဘာ့အစီအစဉ်သစ်ကို ပုံဖော်ရန်ခွန်အားရှိကြောင်းနှင့် လာမည့်ငါးနှစ်အတွင်း အိန္ဒိယနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံသားများအား အာမခံချက်ပေးခဲ့ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားသည်။

ကမ္ဘာ့တတိယအကြီးဆုံး ကမ္ဘာ့စီးပွားရေးနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံကို ပေါ်ထွန်းလာစေရန် ဝန်ကြီးချုပ်၏မျှော်မှန်းချက်သည် လာမည့်ငါးနှစ်အတွင်း လွယ်ကူစွာဖြစ်ထွန်းလာမည်ဟု ယုံကြည် ကြောင်းနှင့် မိုဒီ၏မိန့်ခွန်းသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း အစိုးရ၏ထင်ရှားသော အောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ပြီး 2047 ခုနှစ်တွင် အိန္ဒိယနိုင်ငံအား ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန်အတွက် အသေးစိတ်ပုံစံကို ချမှတ်ပေးခဲ့ကြောင်း အိန္ဒိယနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့(Confederation of Indian Industry - CII) က အင်္ဂါနေ့တွင် ပြောကြားထားသည်။

The Associated Chambers of Commerce & Industry of India(ASSOCHAM) အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Deepak Sook ကလည်း အိန္ဒိယသည် သန့်ရှင်းသောစွမ်းအင်၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့ကဲ့သို့ အသွင်ကူးပြောင်းရေးနယ်ပယ်များစွာတွင် ဦးဆောင်နိုင်ရန် လက်ဦးမှုရယူဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားထားပါသည်။

ဝန်ကြီးချုပ်၏မိန့်ခွန်းတွင် နိုင်ငံအတွင်း 5G နည်းပညာကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်မှုကို ချီးကျူးခဲ့ပြီး အိန္ဒိယသည် ယခုအခါ 6G အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။ မိုဒီ၏မိန့်ခွန်းတွင် အင်တာနက်သည် ကျေးရွာအားလုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံသည် ယခုအခါ ကွမ်တမ်ကွန်ပြူတာများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထို့အပြင် အစိုးရသည် အမျိုးသမီးများဦးဆောင်သော ကိုယ်ထူကိုယ်ထကူညီရေးအဖွဲ့(Self-help Groups-SHGs)၏ထောင်ပေါင်းများစွာသောအဖွဲ့ဝင်များအတွက် လယ်ယာသုံးဒရုန်းများ ထုတ် လုပ်ရန်အစီအစဉ်ကို အကောင်အထည်ဖော်ရန်စီစဉ်နေကြောင်း၊ ယင်းသည် စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာအသုံးပြုမှုကို မြှင့်တင်ရန်နှင့် နိုင်ငံအတွင်း စိုက်ပျိုးရေးနည်းပညာကိုမြှင့်တင်ရန် အစီအစဉ်အသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ အစီအစဉ်အရ ပါဝင်သူများအား မောင်းသူမဲ့လေယာဉ်များကို ပျံသန်းခြင်းနှင့်ပြုပြင်ခြင်းဆိုင်ရာ လေ့ကျင့်မှုများလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အိန္ဒိယသည် အမျိုးသမီးများဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါအစီအစဉ်ကို ကျေးလက်ဒေသများတွင် ဦးစွာဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: PM Narendra Modi’s I-Day Speech lays blueprint for India to become developed nation by 2047, The Economic Times, August 15, 2023.

India getting ready for 6G, task force has been set-up: PM Modi, The Economic Times, August 15, 2023.

I-Day speech: PM Modi announces agri-drones for women self-help groups, The Economic Times, August 15, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)