India (Delhi)

အိန္ဒိယနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဒုတိယ ၃ လပတ်တွင် ၆ ရာခိုင်နှုန်းအထက်ရှိမည်ဟု Reserve Bank of India ၏ အစီရင်ခံစာတွင် ဖော်ပြ

Last Updated:

အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်စျေးနှုန်းများမြင့်တက်မှုသည် ဩဂုတ်လ၏ပထမလဝက်ထိဆက်လက်မြင့်တက်ခဲ့သဖြင့် ဒုတိယသုံးလပတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် 6 ရာခိုင်နှုန်း အထက်ရှိမည်ဟုမျှော်လင့်ထားသည်ဟု RBI မှထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ အစိုးရက ဇူလိုင်လ ငွေကြေးဖောင်းပွမှုအချက်အလက်များကို ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါအစီရင်ခံစာသည် ဇူလိုင်လအတွက် ငွေကြေးဖောင်းပွမှုနှုန်းကို 7.4 ရာခိုင်နှုန်းသတ်မှတ်ထုတ်ပြန်ခဲ့ပါကြောင်း၊ ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုများမြင့်တက်နေသော်လည်း အစီရင်ခံစာသည် တိုးတက်မှုများအပေါ် ပိုမိုအလေးထားကြောင်း The Times of India သတင်းစာတွင် ဖော်ပြထားပါသည်။

အခြားသောနိုင်ငံအချို့တွင် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်နေရသော်လည်း အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် 2023-24 ခုနှစ်၏ဒုတိယသုံးလပတ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိ ကြောင်းနှင့် ပုဂ္ဂလိကသုံးစွဲမှုနှင့် ပုံသေရင်းနှီးမြှုပ်နှံမှုကဲ့သို့သော ပြည်တွင်းမောင်းနှင်အားများသည် ပို့ကုန်ကျုံ့ခြင်းကို ထေမိသည်ဟု စီးပွားရေးအစီရင်ခံစာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။

အစီရင်ခံစာသည် ခိုင်မာသောတိုးတက်မှုအရှိန်အဟုန်ကိုသာ အလေးထားဖော်ပြထားပြီး ဈေးနှုန်းမြင့်တက်ခြင်းနှင့် တိုးတက်မှုနည်းပါးသောကာလဖြစ်သည့် မတည်ငြိမ်ခြင်း၏ အန္တရာယ်ကိုမူ ချန်လှပ်ထားပါကြောင်း၊ သမိုင်းအထောက်အထားများကို ပြန်လည်ဆန်းစစ်ကြည့်ပါက အာရှအကျပ်အတည်း (၁၉၉၇-၉၈)၊ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း(၂၀၀၇-၂၀၀၉)နှင့် ကပ်ရောဂါဖြစ်ပွားသည့်ကာလအချို့တွင် ငွေကြေးဖောင်းပွမှုနှင့်စီးပွားရေးရပ်တန့်သည့် အခက်အခဲများကို ကြုံတွေ့ခဲ့ပြီးဖြစ်ပါကြောင်း၊  သို့သော် ဘဏ္ဍာရေးအခြေအနေကောင်းမွန်မှု၊ ငွေလဲနှုန်းနှင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တည်ငြိမ်နေခြင်းတို့ကြောင့်  လက်ရှိအချိန်တွင် ဖြစ်နိုင်ခြေမှာ ၃ ရာခိုင်နှုန်းခန့်သာရှိသည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

စီးပွားရေး၏အားနည်းချက်မှာ မုတ်သုံရာသီအတွင်း ဟင်းသီးဟင်းရွက်ဈေးနှုန်းလှုပ်ခတ်မှု ဖြစ်သဖြင့် ပုပ်သိုးလွယ်သောကုန်စည်များအတွက် ထောက်ပံ့ရေးကွင်းဆက်များဘက်စုံပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ရန်လိုအပ်သည်ဟု အစီရင်ခံစာတွင် အလေးပေးဖော်ပြထားကြောင်း၊ အဆိုပါပြုပြင်ပြောင်းလဲမှုများတွင် ကုန်ဈေးနှုန်းမတည်ငြိမ်မှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ရန် အတွက် သယ်ယူပို့ဆောင်ရေးကွန်ရက်များ၊ သိုလှောင်ရုံများ၊ သိုလှောင်မှုနည်းပညာများနှင့် တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ လွှမ်းခြုံပါဝင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထက်ပါပြုပြင်ပြောင်းလဲမှုများသည် ထုတ်ကုန်များ၏အရည်အသွေးကို ထိန်းသိမ်းထားနိုင်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် အစားအစာဈေးနှုန်းများကြီးမြင့်မှုအား အကာအကွယ်ပေးနိုင်သည့် အချိန်တွင် စားသုံးသူများအတွက် ကုန်စည်များအား စျေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချပေးနိုင်မည်ဖြစ်သကဲ့သို့ လယ်သမားများသည်လည်း ၎င်းတို့၏သီးနှံများရောင်းချရာတွင် ဝင်ငွေပိုမိုကောင်းမွန်လာမည်ဟု စီရင်ခံချက်တွင် ဖော်ပြထားပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန် ပုပ်သိုးလွယ်သောဟင်းသီးဟင်းရွက်များအတွက် ထောက်ပံ့သယ်ယူသိုလှောင်ပို့ဆောင်ရေးစနစ်အား ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် အစီရင်ခံစာတွင်ဖော်ပြထားရှိမှုအား တင်ပြလိုက်ရပါသည်။

Source: Q2 inflation above 6%: RBI report, The Times of India, 20 August, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)