India (Kolkata)

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI) မှ ကြီးမှူး၍ ကျင်းပသော “MCCI Destination Howrah : MSME Workshop and Help Desk” အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးသံမှူးတက်ရောက်

Last Updated:

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)မှ ကြီးမှူး၍ Howrah ခရိုင်တွင် ပထမဦးဆုံးအကြိမ်  MSME Outreach Initiative အဖြစ် “MCCI Destination Howrah : MSME Workshop and Help Desk” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် (သောကြာနေ့) က အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ Howrah ခရိုင်ရှိ MCKV အင်ဂျင်နီယာ ကျောင်း (MCKV Institute of Engineering) ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးသံမှူး တက်ရောက်ခဲ့ပါသည်။

အဆိုပါ MSME Workshop and Help Desk အလုပ်ရုံဆွေးနွေးပွဲကို အနောက်ဘင်္ဂလားပြည်နယ် (West Bengal) အစိုးရအဖွဲ့ MSME နှင့်အထည်အလိပ်ဦးစီးဌာနမှ MSME အထိမ်းအမှတ်လအဖြစ် အခမ်းအနားကျင်းပရန် သတ်မှတ်ထားချက်အရ West Bengal နှင့် ကုန်သည်အသင်းချုပ်၏ Outreach အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျင်းပြုလုပ်ခြင်းဖြစ်သည်။ Howrah ခရိုင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် ချိတ်ဆက်၊ အသိပညာပေးရန်နှင့် ၎င်းတို့၏အခက်အခဲများကို နားလည်သိရှိပြီး ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် MSME လုပ်ငန်းများမှတ်ပုံတင်ခြင်း(Udyam Registration) ကို တစ်ထိုင်တည်းဆောင်ရွက်ပြုလုပ်ပေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ MCCI အသင်းချုပ်ဥက္ကဌ Shri Namit Bajorai၊ MCCI အသင်းချုပ် MSME ကောင်စီ၊ ဘဏ္ဍာရေးမှူးနှင့် ဥက္ကဌ Shri Sanjib Kumar Kothari ၊ MCKV Group of Institutions ဥက္ကဌ Shri Kishan Kumar Kejriwal ၊ အနောက်ဘင်္ဂလားပြည်နယ်အစိုးရအဖွဲ့ MSME နှင့် အထည်အလိပ်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိ (IAS) Shri U. Swaroop၊ ခရိုင်တရားသူကြီးနှင့်  အုပ်ချုပ်ရေးအရာရှိ(IAS)Smt. Mukta Arya ၊ အနောက်ဘင်္ဂလားပြည်နယ်အစိုးရအဖွဲ့ MSME နှင့် အထည်အလိပ်ဦးစီးဌာန တွဲဖက်အတွင်းရေးမှူး Smt.Arndhati Bhaumik နှင့် တွဲဖက်ညွှန်ကြားရေးမှူး Shri Raj Kumar Middya ၊ အိန္ဒိယအစိုးရ MSME ဝန်ကြီးဌာန၊ ကော်လ်ကတ္တားမြို့ MSME ဖွံ့ဖြိုးရေးနှင့်အထောက်အကူပြုရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Smt.Rina Chakraborty တို့အပါအဝင် အကူအညီပေးရေးဌာန(Help Desk)တာဝန်ရှိသူများ၊ Howrah ခရိုင်မှ  MSME  လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ 

MCCI သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) များကို ကူညီရန်အတွက် MSME Help Desk ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Howrah ခရိုင် ကဲ့သို့သော ခရိုင်များရှိ MSMEs များအား အသိပညာပေးရန်နှင့် ကူညီပေးနိုင်ရန် ယခုအချိန်အထိ စုစုပေါင်းဆွေးနွေးပွဲ (၃၁) ခု ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ Haldia၊ Siliguri၊ Durgapur၊ Asansol၊ Purulia စသည့်ခရိုင်များ၌ ကျင်းပပြုလုပ်ခဲ့သည့် အစီအစဉ်များသည် များစွာအောင်မြင်ခဲ့သည်။ အနောက်ဘင်္ဂလားပြည်နယ်သည် ဒုတိယ MSME လုပ်ငန်းအရေအတွက် အများဆုံးပြည်နယ်ဖြစ်ပြီး MSME ကဏ္ဍ၏ ၉၀% မှ ၉၅% ကို ကိုယ်စားပြုလျက်ရှိကြောင်းနှင့် MSME ယူနစ် (၉) သန်းဝန်းကျင်က အလုပ်အကိုင်ပေါင်း ၁၃.၆ သန်းခန့်ကို ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။ ဗဟိုအစိုးရနင့် ပြည်နယ်အစိုးရတို့အနေဖြင့်လည်း MSME လုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်း၊ ချေးငွေရရှိအောင်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အိန္ဒိယကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI) နှင့် Howrah ခရိုင်၊ MCKV အင်ဂျင်နီယာကျောင်း(MCKV Institute of Engineering) တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် ဆက်လက်၍ တက်ရောက်လာသော MSME လုပ်ငန်းရှင်များနှင့် တစ်ဦးချင်းတွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို ကျင်းပခဲ့ကြပြီး၊ ဆွေးနွေးပွဲတက်ရောက်လာသော MSME လုပ်ငန်းရှင်များက ကျွမ်းကျင်လုပ်သားနည်းပါးခြင်း၊ ဘဏ္ဍာရေးအရင်းအနှီးနည်းပါးခြင်း၊ ပို့ကုန်တင်ပို့မှုဆိုင်ရာအခက်အခဲများ၊ အခွန်အခနှင့်ပတ်သက်သောအခက်အခဲများကို အသီးသီးတင်ပြခဲ့ကြပြီး၊ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                     

 

Category: India (Kolkata)