India (Delhi)

အိန္ဒိယနိုင်ငံတွင်မိုးခေါင်ရေရှားမှုကြောင့် သကြားထွက်ရှိမှုကျဆင်းသဖြင့် မဟာရက်ရှထရာပြည်နယ်ပြင်ပသို့ ကြံများရောင်းချခြင်းကို ပိတ်ပင်တားမြစ်

Last Updated:

မဟာရက်ရှထရာပြည်နယ်အစိုးရသည် ပြည်နယ်၏သကြားစက်များ၏ကြိတ်ခွဲမှုများ အမြင့်မားဆုံးစွမ်းဆောင်ရွက်နိုင်စေရန်အတွက် ကြံအလုံအလောက်ရှိစေရန် ကြံစိုက်တောင်သူများကို ပြည်နယ်ပြင်ပသို့ ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုအပြောင်းအလဲကြောင့် နိုင်ငံ၏ဒုတိယအကြီးဆုံးသကြားထုတ်လုပ်သည့် မဟာရက်ရှထရာပြည်နယ်တွင် မိုးခေါင်ရေရှားအခြေအနေကို ကြုံတွေ့ခဲ့ရပြီး ကြံအထွက်နှုန်းကျဆင်းသွားဖွယ်ရှိကြောင်း၊ ကြံထွက်ရှိမှုနည်းပါးခြင်းသည် သကြားစက်ရုံများအကြား ယှဉ်ပြိုင်ဝယ်ယူမှုကိုဖြစ်ပေါ်စေပြီး မရိုးမသားဝယ်ယူမှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် လယ်သမားများသည် ၎င်းတို့၏ကြံများကို ဈေးမြင့်ပေးသော သကြားစက်များသို့သာ ရောင်းချလိုကြောင်း သိရှိရသည်။

သကြားစက်များကြိတ်ခွဲရန်အတွက် ကြံမလုံလောက်မှုများကြုံတွေ့ရနိုင်ပြီး စက်ရုံများအတွက် ဆုံးရှုံးနစ်နာမှုများရှိလာနိုင်သဖြင့် ပြည်နယ်၏သမဝါယမသကြားစက်များကို ကိုယ်စားပြုအဓိက အဖွဲ့အစည်းဖြစ်သည့် Sakha Sangh ဟုသိရှိကြသော မဟာရက်ရှထရာပြည်နယ်သမဝါယမသကြားစက်ရုံများအဖွဲ့ချုပ်သည် ပြည်နယ်အစိုးရသကြားစက်များအတွက် သကြားရရှိမှုသေချာစေရန် အစီအမံများ ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြည်နယ်အစိုးရထံစာရေးထားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသော ၂၀၂၂-၂၀၂၃ ခုနှစ် သကြားရာသီတွင် မဟာရက်ရှထရာပြည်နယ်သည် သကြားတန်ချိန် ၁၀၅ သိန်းထုတ်လုပ်ခဲ့ပြီး ယမန်နှစ်က မိုးရွာသွန်းမှုမမှန်သောကြောင့် ထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊  ယခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ရာသီချိန်တွင်လည်း ပြီးခဲ့သည့်သြဂုတ်လအတွင်း ပူပြင်းခြောက်သွေ့မှုများကြောင့် ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းခန့်လျော့နည်းပြီး တန်ချိန် ၉၀ သိန်းသို့ကျဆင်းသွားနိုင်ကြောင်း၊ ကြံစိုက်တောင်သူများသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် ကြံများမအောင်နိုင်သဖြင့် တိရစ္ဆာန်အစာအဖြစ် ရောင်းနေကြသည်ဟု ပြည်နယ်သကြားစက်အများစုက တင်ပြနေကြောင်း အမည်မဖော်လိုသူ ပြည်နယ်သကြားလုပ်ငန်းမှ အကြီးတန်းအမှုဆောင်အရာရှိကြီးတစ်ဦးက ပြောကြားထားသည်။   

နိုင်ငံ၏သကြားထွက်ရှိရာဒေသဟု သိရှိကြသည့် ကိုလ်ဟာပူရ၊ ဆန်ဂလီနှင့် စတာရခရိုင်များအပါအဝင် မဟာရက်ရှထရာပြည်နယ်၏ တောင်ပိုင်းခရိုင်များ၏သကြားအထွက်နှုန်းသည် နိုင်ငံသကြား ထွက်ရှိမှု၏လေးပုံတစ်ပုံခန့်ထွက်ရှိပြီး ကြံထွက်ရှိမှုကျဆင်းသည့်အချိန်တွင် သကြားစက်အတွက် လိုအပ်သည့်ကြံကို နယ်မြေထိစပ်မှုရှိသည့် ကာနာတာကာပြည်နယ်မှ ကြံစက်များနှင့် ယှဉ်ပြိုင်ဝယ်ယူကြရကြောင်း သိရသည်။

ထို့ကြောင့် အခြားပြည်နယ်များရှိ သကြားစက်များသို့ ကြံရောင်းချခြင်းအား ပိတ်ပင်ခြင်းအပြင် ကြံကြိတ်သည့်ရာသီ တရားဝင်စတင်ခြင်းမပြုမီ ထန်းလျက်၊ ကြံသကာထုတ်လုပ်သည့်လုပ်ငန်းများ ကဲ့သို့သောအခြားသောလုပ်ငန်းများအတွက် ကြံရိတ်သိမ်းကြိတ်ခွဲခြင်းများမပြုလုပ်ရန် မဟာရက်ရှထရာပြည်နယ် သမဝါယမသကြားစက်ရုံများအဖွဲ့ချုပ်က တောင်းဆိုထားကြောင်းသိရသည်။

ပြည်နယ်အစိုးရသည် နှစ်စဉ်(အောက်တိုဘာလမှ စက်တင်ဘာလ)အတွက် သကြားကြိတ်ခွဲခြင်းလုပ်ငန်းစတင်ဆောင်ရွက်ရမည့်ရက်ကို သတ်မှတ်ပေးကြောင်းနှင့် ယင်းသတ်မှတ်ရက်မတိုင်မီ ကြိတ်ခွဲခြင်းလုပ်ငန်းများဆောင်ရွက်သည့် သကြားစက်များကို အစိုးရက အရေးယူဆောင်ရွက်နိုင်ကြောင်း သိရှိရသဖြင့် အိန္ဒိယနိုင်ငံ၏သကြားအဓိကထွက်ရှိသည့်ပြည်နယ်များတွင် ကြံအထွက်နှုန်းလျော့ကျနိုင်သဖြင့် သကြားစက်များပုံမှန်လည်ပတ်နိုင်ရန် ပြည်နယ်အစိုးရများမှ စီမံခန့်ခွဲဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Maharashtra bans interstate sale of sugarcane as drought cuts production, The Economic Times, 19 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)