India (Kolkata)

ဂျီ-၂၀ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးအဆင့်အစည်းအဝေးမှ ရလဒ်ကောင်းများ ရရှိလာမည်ဟု အိန္ဒိယမျှော်လင့်

Last Updated:

အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်၊ ဂျက်ပို(Jaipur)မြို့တွင် ယခုလ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသော ဂျီ-၂၀ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးအဆင့်အစည်းအဝေးတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအတွက် ရလဒ်ကောင်းများရရှိလာမည်ဟုမျှော်လင့်ကြောင်း အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံပဋိပက္ခနှင့်ပတ်သက်၍ ကွဲပြားမှုများဆက်လက်ရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် အရေးကြီးသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအတွက် ဂျီ-၂၀ နိုင်ငံများအကြား သဘောတူညီမှုကို တည်ဆောက်ရန် မျှော်လင့်လျက်ရှိသည်ဟု အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Piyush Goyal က ပြောကြားခဲ့သည်။ ၎င်းက Jaipur တွင် ယနေ့စတင်သည့် နှစ်ရက်ကြာကျင်းပပြုလုပ်မည့် ဂျီ-၂၀ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးအဆင့်အစည်းအဝေးမှ "ရလဒ်ကောင်းစာတမ်း"အပေါ် အကောင်းမြင်ကြောင်း သဘောတူညီမှုများ ရရှိဖွယ်ရှိကြောင်း၊ သို့သော် သဘောတူညီမှုရရှိရန်ခက်ခဲသော လက်တွေ့ကျသည့်အချက်များလည်း ကျန်ရှိနေသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးစားပေးကဏ္ဍငါးခုဖြစ်သည့် ကုန်သွယ်မှုတိုးတက်မှုနှင့်သာယာဝပြောရေး၊ ခံနိုင်ရည်ရှိသော ထောက်ပံ့ရေးကွင်းဆက်များ၊ ကုန်သွယ်မှုတွင် MSME လုပ်ငန်းများ ပါဝင်ပေါင်းစည်းမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ပြုပြင်ပြောင်းလဲမှုများ ပိုမိုကောင်းမွန်လာစေရန်ကိစ္စများကို ဦးစားပေးဆွေးနွေးသွားမည်ဖြစ်သည်။ Goyal က အိန္ဒိယနိုင်ငံသည် စက်မှုလုပ်ငန်းများ၊ MSME လုပ်ငန်းများမြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်များကို အဆင့်မြှင့်တင်ရန်အတွက် ဂျက်ပိုမြို့အစည်းအဝေးမှ လုပ်ဆောင်ရန်အချက်များကို ဖော်ထုတ်တောင်းဆိုသွားမည် ("Jaipur Call for Action")မှတစ်ဆင့် အဖွဲ့ဝင်များအကြား နားလည်မှုတည်ဆောက်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘုံသဘောရှိသော်လည်း ကွဲပြားခြားနားသော တာဝန်ဝတ္တရားများအောက်တွင် လည်ပတ်လျက်ရှိသည့် နိုင်ငံစုံကုန်သွယ်မှုစနစ်၏အရေးပါမှုအပေါ် အိန္ဒိယနိုင်ငံ၏ရပ်တည်ချက်ကို ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဖိတ်ကြားထားသည့်နိုင်ငံ ခြောက်နိုင်ငံမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် သြဇာကြီးမားသော ဂျီ-၂၀ အစုအဖွဲ့အတွင်း အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် တုန်လှုပ်ချောက်ချားမှုများ(Shocks)ကို ခံနိုင်ရည်ရှိစေရန် ခိုင်မာသောအစီအစဉ်တစ်ရပ်ကို ပေးပို့သွားနိုင်ရန်ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှ ဂျီ-၂၀ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိစဉ် ယခုလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ အဆိုပါမြို့တွင် ကျင်းပပြီးစီးခဲ့သော စတုတ္ထနှင့်နောက်ဆုံးအကြိမ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့အစည်းအဝေးပြီးနောက် အဆိုပါ ဂျီ-၂၀ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးအဆင့်အစည်းအဝေးကို ဆက်လက်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ကနေဒါ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆော်ဒီအာရေးဗီးယား၊ တူရကီ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များတက်ရောက်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ နယ်သာလန်၊ အိုမန်၊ စင်ကာပူနှင့် ယူအေအီးနိုင်ငံတို့မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

ရည်ညွှန်း။

Minit သတင်းဌာန၊ “India for G20 unity on trade, investment”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

Business Standard သတင်းဌာန၊ “India hopeful of consensus among G20 nations on 5 trade, investment issues” ၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

Category: India (Kolkata)