India (Kolkata)

အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခြွင်းချက်အဖြစ် မောရိသျှနိုင်ငံနှင့် ဘူတန်နိုင်ငံတို့သို့ ဆန်တင်ပို့ရန် အတည်ပြုခဲ့

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်ပသို့ ဘာစမာတီဆန်မဟုတ်သောဆန်တင်ပို့မှု ပိတ်ပင်ထားသော်လည်း ခြွင်းချက်အနေဖြင့် မောရိသျှနိုင်ငံနှင့် ဘူတန်နိုင်ငံတို့သို့ ဆန်တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။ မောရစ်သျှနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၁၄၀၀၀ နှင့် ဘူတန်နိုင်ငံသို့ ဆန်တန်ချိန် ၇၉၀၀၀ ထောက်ပံ့ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါနှစ်နိုင်ငံစလုံးသည် အိန္ဒိယ နိုင်ငံ၏ရင်းနှီးသော မိတ်ဖက်နိုင်ငံများဖြစ်သောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တင်ပို့ရောင်းချမှုတစ်ခုဟု ယူဆနိုင်ပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့ပြီး ပြည်တွင်းဆန်စျေးနှုန်းကို ထိန်းချုပ်ခဲ့သည်။ သို့သော်လည်း မောရစ်သျှနိုင်ငံနှင့် ဘူတန်နိုင်ငံတို့က ၎င်းတို့အား အဆိုပါပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ပေးရန် အိန္ဒိယနိုင်ငံကို တောင်းဆိုခဲ့သည်။ ၎င်းတို့၏စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်ရိက္ခာများလိုအပ်လျက်ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။

မောရစ်သျှနိုင်ငံသည် အိန္ဒိယမှ ဆန်တင်သွင်းမှုအပေါ် အထူးသဖြင့် မှီခိုနေရသော နိုင်ငံတစ်ခုဖြစ်သည်။ ၎င်းသည် ယခုနှစ်တွင် ဆန်တန်ချိန် ၁၄၀၀၀ ခန့်လိုအပ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံမှ မော်ရစ်သျှနိုင်ငံသို့ ပထမဦးဆုံးတင်ပို့သော ဆန်တန်ချိန် ၁,၅၀၀ သည် စက်တင်ဘာလအစောပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ စက်တင်ဘာလလယ်တွင် နိုင်ငံ၏ဆန်လက်ကျန်များကုန်သွားခြင်းမှ ရှောင်ရှားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့သည့် အဓိကနိုင်ငံတစ်ခုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့ ဆန်များထောက်ပံ့ရောင်းချပေးလျက်ရှိသည်။ ယခုဘဏ္ဍာနှစ်၏ ဧပြီလနှင့်ဇွန်လတွင် ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုတန်ချိန် ၁.၅၅ သန်းနှင့် ဆန်ကွဲ ၃၇၁၀၀၀ တန်ကို ရောင်းချခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်ပြီးသည့်နောက်တွင်ပင် အစိုးရ၏ခွင့်ပြုချက်ဖြင့် စစ်မှန်သောလိုအပ်ချက်များရှိသည့် မိတ်ဆွေနိုင်ငံများသို့ ဆန်တင်ပို့မှုကို ခွင့်ပြုခဲ့သည်။

ယင်းသို့ဆန်တင်ပို့မှုပိတ်ပင်ခြင်းသည် အိန္ဒိယနိုင်ငံတွင် ပြည်တွင်း၌ ဆန်အလုံအလောက်ရရှိရန်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်သည်။ သို့သော် ဘာစမာတီနှင့် အခြားဆန်အမျိုးအစား အချို့ကိုမူ ယခင်အတိုင်း ဆက်လက်တင်ပို့လျက်ရှိသည်။ မောရစ်သျှနိုင်ငံသည် နိုင်ငံ၏ထိခိုက်လွယ်သော အသိုင်းအဝိုင်းများကို ထောက်ပံ့ရန်အတွက် အိန္ဒိယနိုင်ငံမှ နှစ်စဉ် ဆန်တန်ချိန် ၂၄၀၀၀ ခန့်ကို တင်သွင်းလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အဆိုပါနိုင်ငံသို့ ဆန်တန်ချိန် ၁၀,၀၄၀ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သည့်နိုင်ငံတစ်ခုဖြစ်သည်။ ၎င်းသည် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ဘာစမာတီမဟုတ်သောဆန်နှင့်ဆန်ကွဲ အမြောက်အများကို ပြည်ပသို့တင်ပို့ခဲ့ပြီးဖြစ်သည်။ အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုကို ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းကို ကြီးစွာရိုက်ခတ်မှုရှိသည်ကို တွေ့ရှိရပါ သည်။ သို့သော် အဆိုပါမူဝါဒတွင် ခြွင်းချက်အနေဖြင့် အစိုးရအချင်းချင်းသဘောတူညီမှု သို့မဟုတ် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် လိုအပ်ပါက ခွင့်ပြုမည်ဟု ပါရှိသည့်အတွက် ယခုမောရှိသျှနိုင်ငံနှင့် ဘူတန်နိုင်ငံတို့မှ တင်ပြတောင်းဆိုလာသည့်အပေါ် အိန္ဒိယအနေဖြင့် ခွင့်ပြုပေးခဲ့ခြင်းဟု ယူဆနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်စေရန်နှင့် ပြည်ပသို့တင်ပို့မှုအကြား သမမျှတမှုရှိရန် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သောမူဝါဒများကို သုံးသပ်ပြင်ဆင်ချမှတ်၍ ဆောင်ရွက်သွားနိုင်ရန် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုမူဝါဒအား သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

Mint သတင်းဌာန၊ “India to export rice to Mauritius & Bhutan in an exception for friends”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                          

 

Category: India (Kolkata)