India (Kolkata)

အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီမူမမှန်မှုများကြောင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာ၊ အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများ ရှာဖွေလျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီမူမမှန်မှုများကြောင့် စားနပ်ရိက္ခာဈေးနှုန်းများမြင့်တက်လာလျက် ရှိပြီး၊ အစိုးရအနေဖြင့် အဆိုပါကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာဖွေလျက်ရှိသည်ဟု The Hindu Businessline သတင်းဌာနက ယခုလ (၂၅) ရက်နေ့တွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုသည် မျှတမှုမရှိသော မိုးရွာသွန်းမှုနှင့် အချို့သော စားနပ်ရိက္ခာများ ပြတ်လပ်မှုအခြေအနေကြောင့် (၁၅)လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ သည်။ ယခုနှစ် ဇူလိုင်လရှိ နှစ်စဉ် လက်လီငွေကြေးဖောင်းပွမှုနှုန်းသည် ၇.၄၄% မြင့်မားခဲ့ပြီး၊ အစား အသောက်စျေးနှုန်းဖောင်းပွမှုသည် (၃) နှစ်ခွဲကျော်ကာလအတွင်း ၁၁.၅% အထိ မြင့်တက်ခဲ့သည်။

အိန္ဒိယအစိုးရသည် ဝင်ငွေနည်းပါးသော စားသုံးသူများ ပြေလည်စေရန် အစားအသောက်အခမဲ့ ထောက်ပံ့မည့်အစီအစဉ်ကို တိုးချဲ့သွားရန်နှင့် ဂျုံနှင့် သကြားစတော့များကို ဈေးကွက်အတွင်းသို့ ထည့်သွင်း ထောက်ပံ့ပေးခြင်းကဲ့သို့သော ပြဿနာကို ဖြေရှင်းရန် ခြေလှမ်းများကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံခြားမှ ဂျုံတင်သွင်းရန်နှင့် ပြည်ပသို့ သကြားတင်ပို့မှု တားမြစ်ရန်လည်း စဉ်းစားနေသည်။ အဆိုပါ အစိုးရ၏ စီမံဆောင်ရွက်မှုများအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံကျော်ရှိမည်ဟု သိရသည်။

မိုးရွာသွန်းမှုကြောင့် ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် သကြားစသည့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာလျက်ရှိပြီး၊ ခရမ်းချဉ်သီးဈေးနှုန်းများ စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ဈေးနှုန်း များမြင့်တက်လာမှုကြောင့် အဆိုပါပစ္စည်းများ စားသုံးမှုကို လျှော့ချလျက်ရှိသည့် အိမ်ထောင်စုများနှင့် အသင့်စား၊ အမြန်ရသောစားစရာ(Fast Food)ဆိုင်ခွဲများကို ထိခိုက်စေပါသည်။ McDonald's နှင့် Subway ကဲ့သို့သော Fast Food ဆိုင်ခွဲများတွင် ၎င်းတို့၏ စားသောက်ဖွယ်ရာစာရင်းမှ ခရမ်းချဉ်သီး ပါဝင်သည့် စားသောက်ဖွယ်အမည်များကို ယာယီဖယ်ရှားခဲ့ရခြင်းမျိုးရှိခဲ့သည်။ အပြောင်းအလဲမြန်သော မိုးရွာသွန်းမှုအခြေအနေကြောင့် ဆန်နှင့်ကောက်ပဲသီးနှံများ၏ အထွက်နှုန်းအလားအလာကို စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်စေသည်။

အိန္ဒိယအစိုးရသည် ပဲမျိုးစုံကို သြစတြေးလျ၊ မိုဇမ်ဘစ်၊ မြန်မာနှင့် တန်ဇန်းနီးယားကဲ့သို့သော နိုင်ငံများမှ ဝယ်ယူတင်သွင်းပြီး ပြည်တွင်းထောက်ပံ့မှုကိုမြှင့်တင်ရန် ကြိုးစားနေသော်လည်း ဘတ်ဂျက် ပိုငွေမှာ အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည်။ လာမည့်လများအတွင်း ကျင်းပရန်ရှိသည့် ဘာသာရေး ပွဲတော်များအတွင်း ဝယ်လိုအားများပြားလာဖွယ်ရှိခြင်းကြောင့် သကြားဈေးနှုန်းများလည်း မြင့်တက် လာမည်ဟု မျှော်လင့်ရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မိုးရွာသွန်းမှု နည်းပါးပြီး အပူချိန်ပို၍မြင့်မားလာနိုင်ကာ အယ်နီညိုဖြစ်နိုင်ခြေ(၉၅%)ရှိသောကြောင့် နွေရာသီနှင့် ဆောင်းသီးနှံနှစ်မျိုးလုံးအတွက် မျှော်မှန်းချက်အပေါ် မသေချာမရေရာမှုများ ရှိနေပါသည်။

ရာသီဥတုဖေါက်ပြန်မှုနှင့်ပတ်သက်၍ "ဆောင်းရာသီကာလအတွင်း အပူလှိုင်းကြောင့် ဈေးနှုန်း မြင့်တက်မှု ဒုတိယအဆင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ်" ဟု မွန်ဘိုင်းမြို့အခြေစိုက် ကုန်သွယ်ရေးလုပ်ငန်း ကြီးတစ်ခုမှ ကုန်သည်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ရာသီဥတုဖေါက်ပြန်မှုကြောင့် ကောက်ပဲသီးနှံများစိုက်ပျိုးထွက်ရှိမှုအပေါ် ထိခိုက်မှုများရှိနေသည့်အတွက် လက်လီဈေးနှုန်းများမြင့်တက်လာမှုနှင့် ရင်ဆိုင်နေရပါသည်။ အစိုးရ အနေဖြင့် မြင့်တက်လာသော ပြည်တွင်းဆန်ဈေးနှုန်းများကို ထိန်းချုပ်ရန် ပြည်ပသို့ ဆန်ဖြူတင်ပို့မှု ပိတ်ပင်ခဲ့ပြီး၊ မကြာသေးမီကပင် ကြက်သွန်နီပို့ကုန်များအပေါ် အကောက်ခွန်(၄၀%)စည်းကြပ်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့ပါသည်။ ယခုအခါ ပြည်တွင်းသကြားဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် သကြားတင်ပို့မှု ပိတ်ပင်ခြင်းမျိုး လုပ်ဆောင်လာဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ရှိနေပါသည်။

တစ်ဖက်တွင် ပြည်ပမှ ဂျုံနှင့် ပဲမျိုးစုံကို တိုးမြှင့်တင်သွင်းသွားရန် ပြင်ဆင်လျက်ရှိသော်လည်း ဘတ်ဂျက်ငွေ အကန့်အသတ်ရှိနေပါသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးမည့် ဝင်ငွေနည်းမိသားစု များအား အစားအသောက်အခမဲ့ထောက်ပံ့ပေးသော အစီအစဉ်ကို ထပ်မံတိုးချဲ့သွားရန် စဉ်းစားလျက် ရှိသော်လည်း ကုန်ကျစရိတ်ကြီးမားမှုကို ထည့်သွင်းတွက်ချက်လျက်ရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှု လျော့ကျလာမှုနှင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာမှုအပေါ် အစိုးရက ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

The Hindu Businessline သတင်းဌာန၊ “India's food price surge forces government measures to improve supplies”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                       

         

Category: India (Kolkata)