India (Kolkata)

အိန္ဒိယအစိုးရသည် ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန်၂၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားမည်

Last Updated:

အိန္ဒိယအစိုးရသည် ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန်(၂၀)ရာခိုင်နှုန်း စည်းကြပ်ကောက်ခံရန် နှင့် အဆိုပါကိစ္စကို ချက်ချင်းအာဏာသက်ဝင်စေရန် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း Reuters သတင်း ဌာနက ယခု (၂၆) ရက်က ဖော်ပြခဲ့သည်။ ယင်းကြောင့် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့လျက်ရှိသော နိုင်ငံမှ ဆန်တင်ပို့မှုများကို လျှော့ချနိုင်ပြီး (၁၂)နှစ်တာကာလအတွင်း စံချိန်တင်မြင့်တက်ခဲ့သည့် ကမ္ဘာ့ဆန် ဈေးနှုန်းများကို ပိုမိုတိုးမြင့်လာစေမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ယမန်နှစ်က ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့်လက အများစားသုံးလေ့ရှိသော ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်လိုက်သဖြင့် ဝယ်သူများကို အံ့အားသင့်စေခဲ့သည်။ အဆိုပါတားမြစ်ချက်ကြောင့် အချို့ဝယ်လက်များက ပေါင်းဆန်ကို ပိုမိုဝယ်ယူကြသည့်အတွက် ၎င်း၏စျေးနှုန်းများ စံချိန်တင်မြင့်တက်လာခဲ့သည်။ အိန္ဒိယနိုင်ငံမှ ပေါင်းဆန် သည် ထိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့မှ ပေါင်းဆန်များကဲ့သို့ပင် ဈေးနှုန်းမြင့်မားသည့်အတွက် ဝယ်ယူသူများအနေဖြင့် ရွေးချယ်ခွင့်အနည်းငယ်သာရှိမည်ဟု ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ပေါင်းဆန်တန်ချိန် ၇ ဒသမ ၄ သန်း တင်ပို့ရောင်းချခဲ့သည်။ ၎င်းအနေဖြင့် ပို့ကုန်ကန့်သတ်ချက်ပြုလုပ်ခဲ့ပြီးနောက် ဆန်ဝယ်လိုအား မြင့်တက်လာသောကြောင့် အဓိကတင်ပို့သည့်နိုင်ငံများတွင် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ဇူလိုင်လရှိ ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီ၏ ဆန်ဈေးညွှန်းကိန်းသည် (၁၂)နှစ်နီးပါးကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ (၄၀)ရာခိုင်နှုန်းကျော်ကို တင်ပို့ရောင်းချလျက်ရှိသည်။ အခြားဆန်တင်ပို့သူများထံမှ ကုန်လက်ကျန်နည်းပါးခြင်းကြောင့် အိန္ဒိယမှ ဆန်တင်ပို့ရောင်းချမှု လျော့ကျသွားသည်နှင့်တစ်ပြိုင်နက် လွန်ခဲ့သောနှစ်က ရုရှား-ယူကရိန်းပဋိပက္ခနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် မြင့်တက်ခဲ့ပြီးဖြစ်သော စားသောက်ကုန်စျေးနှုန်းများကို ထပ်မံမြင့်တက်လာစေနိုင်သည်။

ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များကြောင့် ကမ္ဘာ့ဆန်ဈေးသည် (၂၅) ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီးနောက် မကြာသေးမီရက်များက တည်ငြိမ်သည့်အခြေအနေသို့ စတင်ရောက်ရှိခဲ့သော်လည်း၊ ယခုအခါ ဈေးနှုန်းများထပ်မံမြင့်တက်လာဖွယ်ရှိနေသည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မကြာသေးမီက စားသောက်ကုန်များတင်ပို့မှုအပေါ် ကန့်သတ်ချက်များပြုလုပ်ခဲ့သည့်အတွက် ဝန်ကြီးချုပ်နရန်ဒရာမိုဒီ၏အစိုးရသည် လာမည့်နှစ်ရွေးကောက်ပွဲမတိုင်မီ စားသောက်ကုန်ဈေးဖောင်းပွမှုဖြစ်ပေါ်မည့်အပေါ် စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်းကို ပြသလျက်ရှိသည်။ ယခုနှစ်အတွင်း ကြံအထွက်နှုန်းကျဆင်းမှုကြောင့် သကြားတင်ပို့မှုကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် တန်ချိန် ၄ ဒသမ ၅၆ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံရှိသည်။ ယခင်ဘဏ္ဍာနှစ်က ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုမှာ တန်ချိန် ၁၇ ဒသမ ၇၉ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၆ ဘီလီယံရှိသည်။ အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်မှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံ နှစ်အတွင်း တန်ချိန် ၁၃၅ ဒသမ ၅၄ သန်းရှိပြီး၊ ယခင်သီးနှံနှစ်အတွင်းက တန်ချိန် ၁၂၉ ဒသမ ၄၇ သန်းရှိခဲ့သည့်အတွက် တိုးတက်လာခဲ့ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဒုတိယလူဦးရေအထူထပ်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ဆန်ကိုပြည်တွင်း၌ စားသုံးသကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ကမ္ဘာ့ဆန်တင်ပို့ရောင်းချမှု၏ (၄၀) ရာခိုင်နှုန်းကို ရယူပိုင်ဆိုင်ထားသည့်အတွက် ၎င်း၏ဆန်တင်ပို့ရောင်းချမှုမူဝါဒအပြောင်းအလဲသည် ကမ္ဘာ့ဆန်ဈေးအပေါ် ကြီးစွာရိုက်ခတ်မှုရှိနေပါသည်။ ယမန်နှစ်က ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး၊ ယခုနှစ် ဇူလိုင်လက ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန် (၂၀) ရာခိုင်နှုန်း စည်းကြပ်ကောက်ခံရန် ယခုလ (၂၅) ရက်က စတင်သတ်မှတ်ခဲ့ပြီးနောက် အောက်တိုဘာလ (၁၆) ရက်နေ့အထိ အာဏာဆက်လက်သက်ဝင်မည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး ဌာနက အတည်ပြုခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်အပေါ် နောက်ထပ်အကျိုးသက်ရောက်မှုများရှိလာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

(၁) Reuters သတင်းဌာန၊ “India expands curbs on rice exports with 20% duty on parboiled grade”၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်။

(၂)  The Hindu သတင်းဌာန၊ “Govt. imposes 20% export duty on parboiled rice”၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)