Russia

ရုရှားနိုင်ငံအတွင်းရှိ အနိမ့်ဆုံးလုပ်အားခကို ၁၈.၅ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် စီစဉ်လျက်ရှိ

Last Updated:

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ နိုင်ငံအတွင်းရှိ အနိမ့်ဆုံးလုပ်အားခကို ၁၈.၅ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်စီစဉ်လျက်ရှိကြောင်း မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစီမံကိန်းကောင်စီအစည်းအဝေး၌ ပြောကြားခဲ့သည်။

ပူတင်၏ပြောကြားချက်အရ နိုင်ငံအတွင်း အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ပေးမှုသည် ဖြစ်ပေါ်နေသည့်ငွေကြေးဖောင်းပွမှုနှုန်းထက် ပိုမိုသာလွန်ရမည်ဖြစ်ကြောင်းနှင့် ရုရှားတစ်နိုင်ငံလုံးလုပ်အားခများကိုလည်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံ၏လူမှုရေးနှင့် အလုပ်သမားဆက်ဆံရေးဆိုင်ရာ သုံးပွင့်ဆိုင်ကော်မရှင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံ၏အနိမ့်ဆုံးလုပ်အားခပမာဏကို တိုးမြှင့်နိုင်ရန် ထောက်ခံခဲ့ကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Ms. Tatyana Golikova ၏ရုံးက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ သည်။ ပူတင်အနေဖြင့်လည်း ယခုနှစ်တွင် ရုရှားနိုင်ငံ၏လုပ်ခလစာများမှာ ၃-၅ ရာခိုင်နှုန်းခန့် တိုးလာသင့်ကြောင်း အစောပိုင်းက ပြောကြားထားသည်။

သုံးပွင့်ဆိုင်ကော်မရှင်၏အစည်းအဝေးတွင် ၎င်းအဖွဲ့ဝင်များမှ အနိမ့်ဆုံးလုပ်အားခကို ၁၈.၅ ရာခိုင်နှုန်း၊ ၁၉,၂၄၂ ရူဘယ်အထိ တိုးမြှင့်နိုင်ရေးကူညီပေးမည်ဖြစ်ကြောင်း၊ အဆိုပါတိုးမြှင့်ပေးမှုသည် ရုရှားနိုင်ငံသား ၄.၈ သန်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ တွက်ချက်မှုများအရ အနိမ့်ဆုံးလုပ်ခလစာနှင့် အလယ်အလတ်လုပ်ခလစာအချိုးမှာ ၄၇.၇ ရာခိုင်နှုန်းတိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

အနိမ့်ဆုံးလုပ်ခလစာနှင့်ပတ်သက်သည့် ဥပဒေ(မူကြမ်း)အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ရုရှားအလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့ပြီး မျှော်မှန်းထားသည်ထက် ပိုစောစွာကြေညာနိုင်ခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန အကြီးအကဲဖြစ်သူ Mr. Anton Kotyakov မှ ၂၀၂၃ ခုနှစ် ဇွန်လတွင် ပြောကြားချက်အရ အနိမ့်ဆုံးလုပ်ခလစာမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၆၆.၅ ရာခိုင်နှုန်းခန့်တိုးမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှစတင်၍ ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း အလယ်အလတ်လုပ်ခလစာနှင့်ချိန်ညှိ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.gazeta.ru/business/news/2023/08/22/21126164.shtml

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia