Russia

EAEU နှင့် FTA သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတိုးတက်မှုရှိကြောင်း အီဂျစ်စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနက ပြောကြား

Last Updated:

ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union - EAEU)နှင့် အီဂျစ်နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဇုန်ထူထောင်ရေးသဘောတူညီချက်အပေါ် ဆွေးနွေးမှုများတိုးတက်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ မော်စကိုမြို့၌ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် နှစ်ဖက်စလုံးအတွက် အကျိုးရှိသောကမ်းလှမ်းမှုများဖလှယ်ခဲ့ကြောင်း အီဂျစ်စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကုန်ပစ္စည်းများ၏ မူလဇစ်မြစ်ကို သတ်မှတ်ရေးစည်းမျဉ်းများနှင့်စပ်လျဉ်း၍ သိသာသော တိုးတက်မှုရှိပြီး ယေဘုယျပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သောစာသားများကို ဆွေးနွေးခဲ့ကြကြောင်း၊ နောက်ထပ်ဆွေးနွေးပွဲမတိုင်မီ စည်းမျဉ်းစည်းကမ်းများကို ဗီဒီယိုဆွေးနွေးပွဲဖြင့် အသေးစိတ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

EAEU နှင့်အီဂျစ်တို့အကြား လွတ်လပ်သောကုန်သွယ်မှုဇုန်ထူထောင်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက သြဂုတ်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသဘောတူညီချက်သည် အီဂျစ်နိုင်ငံကို အာဖရိကနိုင်ငံများသို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်တစ်ခုအဖြစ် ရှုမြင်ကြသော EAEU သည် အီဂျစ်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်အတွက် လိုအပ်သောအခြေခံအုတ်မြစ်ကို ဖန်တီးပေးလိမ့်မည်ဟုမျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source : https://tass.ru/ekonomika/18563949

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia