Russia

ရုရှားနှင့်တရုတ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ချုပ်ဆို

Last Updated:

ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် အစိုးရနှစ်ခုအကြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဘက်အကျိုးကို ကာကွယ်ရန်ကိစ္စနှင့်ပတ်သက်၍ သဘောတူစာချုပ်အဆင့် မြှင့်တင်ချုပ်ဆိုနိုင်ရေးဆွေးနွေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု ရုရှားဒုတိယဝန်ကြီးချုပ်ဖြစ်သူ Mr. Dmitry Chernyshenko မှ ၁၄ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှကုန်စည်ပြပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် သယံဇာတတူးဖော်ထုတ်လုပ်ရေး၊ အခြေခံအဆောက်အဦများဆောက်လုပ်ရေးကိစ္စရပ်များနှင့် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ဒေါ်လာ ၁၆၅ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်း ၇၉ ခုအား လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ ရုရှား-တရုတ်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသည် ၎င်းတို့၏မိတ်ဖက်ဖြစ်သော တရုတ်ရင်းနှီးမြှုပ်နှံသူများအား လွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်မည့်အခြေအနေကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး သဘောတူစာချုပ်အဆင့်မြှင့်တင်ချုပ်ဆိုရန်အတွက် နောက်ဆုံးအဆင့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံရှိဒေသများနှင့် တရုတ်နိုင်ငံရှိဒေသများ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်လာစေရန်လည်း အရေးကြီးကြောင်း ​ Mr. Dmitry Chernyshenko မှ ပြောကြားခဲ့သည်။

၎င်းမှထပ်မံ၍ နောက်လာမည့်အနာဂတ်တွင် သဘာဝဓါတ်ငွေ့၊ ရေနံ၊ ပို့ဆောင်ရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦဆောင်ရွက်ခြင်းလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် အဆင့်မြင့်နည်းပညာများတွင်လည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရုရှားနှင့်တရုတ်အတွင်း ခရီးသွားလာရေးလုပ်ငန်းကိုလည်း အဓိကဆောင်ရွက်လိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်အတွက် တွန်းအားအသစ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံအတွင်း ခရီးသွားလာခြင်းများအား ဗီဇာကင်းလွတ်ခွင့်ပြုထားပါကြောင်း ပြောကြားခဲ့ပါသည်။

Mr. Dmitry Chernyshenko ၏ ပြောကြားချက်အရ ရုရှားစီးပွားရေးနေ့နှင့် ကုန်စည်ပြပွဲသည် ရုရှားနှင့်တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးတည်ဆောက်ရန် အရေးကြီးသည့်လမ်းကြောင်း တစ်ခုဖြစ်ပါကြောင်း၊ ယခုပွဲသို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ သဘောတူညီချက်များဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ဆောင်ရွက်ကာ နိုင်ငံအတွင်း လူနေမှုအဆင့်အတန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

(၁၄) ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်၊ ချန်ချွမ်မြို့တွင် သြဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Source : https://ria.ru/20230823/kapitalovlozheniya-1891646601.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia