Russia

ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့သည် ရုရှားတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားများအတွက် အမြတ်ဝေစုပေးချေမှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့

Last Updated:

ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့သည် ရုရှားစီးပွားရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားများအား အမြတ်ဝေစုပေးချေမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်ဆုံးဖြတ်ခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားသားများအား အမြတ်ဝေစုပေးချေခြင်းကို ကန့်သတ်ချက်များမရှိဘဲ လုပ်ဆောင်နိုင်သော်လည်း ၎င်း၏ပမာဏသည် ရုရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏထက် မကျော်လွန်ရကြောင်း ဖော်ပြထားသည်။ ထို့အပြင် အကျိုးခံစားခွင့်ပေးရန် သတ်မှတ်ချက်များတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ ရုရှားစီးပွားရေးတွင် နိုင်ငံခြားမြီရှင်များ၏ ရင်းနှီးမြုပ်နှံမှုများအပါအဝင် ရုရှားတွင် ထုတ်လုပ်မှုချဲ့ထွင်ခြင်းနှင့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သည်။

ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov က TASS သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံခြားသားများသည် ရုရှားတွင် ဆက်လက်လုပ်ကိုင်သင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။ ကုမ္ပဏီများသည်  အလုပ်အကိုင်နေရာများထိန်းသိမ်းရန်၊ လုပ်ငန်းများဆက်လက်လုပ်ဆောင်ရန်နှင့် နည်းပညာအားလုံးကို လိုက်နာရန်ဆန္ဒရှိမှသာ အမြတ်ဝေစုပေးပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း Siluanov မှ ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့လုပ်ငန်းများကို ရောင်းချပြီး ရုရှားနိုင်ငံမှ ထွက်ခွာခဲ့ကြသဖြင့် လက်ရှိကျန်ရှိနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံအတွင်း ဆက်လက်တည်ရှိနေစေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နိုင်ရန်အတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးလျက်ရှိကြောင်း သုံးသပ်ရပါသည်။

Source : https://tass.ru/ekonomika/18568919

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia