Singapore

ဗီယက်နမ် - စင်ကာပူစက်မှုဥယျာဉ်စီမံကိန်းများအဖြစ် Sembcorp ကုမ္ပဏီက ဗီယက်နမ်နိုင်ငံတွင် စက်မှုဥယျာဉ်အသစ် ၄ ခုကို ဆောင်ရွက်သွားမည်

Last Updated:

Sembcorp ကုမ္ပဏီနှင့် ၎င်း၏မိတ်ဖက်ဖြစ်သည့် Becamax တို့က ဗီယက်နမ်နိုင်ငံတွင် စက်မှုဥယျာဉ်အသစ် ၄ ခုကို တည်ဆောက်ရန် ခွင့်ပြုချက်ရပြီဖြစ်ပါသည်။ Sembcorp ကုမ္ပဏီနှင့် Becamax တို့သည် ၆၀၀ ဟက်တာရှိ စက်မှုဥယျာဉ်အသစ်တစ်ခုကို ဗီယက်နမ်နိုင်ငံ၊ Lang Son ပြည်နယ်တွင် တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုလိုင်စင်ရရှိခဲ့ပြီး Thai Binh ပြည်နယ်၊ Binh Thuan ပြည်နယ်နှင့် Ha Tinh ပြည်နယ်တို့တွင် စက်မှုဥယျာဉ်များတည်ဆောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဝန်ကြီးချုပ် Pham Minh Chinh ထံမှ မူအားဖြင့် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။ အဆိုပါစက်မှုဥယျာဉ်များအပါအဝင် Sembcorp က ဆောင်ရွက်သည့် ဗီယက်နမ် - စင်ကာပူစက်မှုဥယျာဉ်ပေါင်း ၁၇ ခုရှိပြီဖြစ်ပြီး နှစ်နိုင်ငံအကြား အကြီးဆုံးပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် Sembcorp နှင့် Becamax တို့က ဗီယက်နမ်နိုင်ငံ Binh Phuoc၊ Tay Ninh၊  Khanh Hoa၊ Thua Thien Hue၊ Quang Ngai II၊ Thanh Hoa၊ Nam Dinh၊ Ninh Binh၊ Hai Duong II နှင့် Hai Phurong II စသည့်မြို့၊ ပြည်နယ်များတွင် စက်မှုဥယျဉ် ၁၀ ခုအတွက် အစီအစဉ်များကို တင်ပြခဲ့ပါသည်။ လက်ရှိအချိန်အထိ ဗီယက်နမ်-စင်ကာပူစက်မှုဥယျာဉ်များမှ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကုမ္ပဏီပေါင်း ၁,၀၀၀ မှ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် ဆွဲဆောင်ထားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀,၀၀၀ ကျော်ကို ဖန်တီးပေးလျက်ရှိကြောင်း Sembcorp ၏ Chief Executive ဖြစ်သူ Wong Kim Yin က Hanoi Office of Government Building ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ဗီယက်နမ် - စင်ကာပူစက်မှုဥယျာဉ်စီမံကိန်းများ ဆက်လက်ဆောင်ရွက်မှုသည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုကဏ္ဍပြုပြင်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိပြီး ဆက်လက်၍လည်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Hsien Loong က အဆိုပါဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် ဗီယက်နိုင်ငံ ဝန်ကြီးချုပ်တို့က ယခင်က ဗီယက်နမ် - စင်ကာပူ စက်မှုဥယျာဉ်စီမံကိန်းများအဖြစ် ကြေညာထားပြီးဖြစ်သည့် Can Tho၊ Bac Ninh II နှင့် Nghe An II တို့၏ အုတ်မြစ်ချသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် စင်ကာပူနိုင်ငံ၏ အာဆီယံမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်နှင့်အညီ ယခုကဲ့သို့ စက်မှုဥယျာဉ်များမှတစ်ဆင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခြင်းသည် နှစ်နိုင်ငံ စီးပွားရေးအရဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရေး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore