Singapore

ကဏ္ဍအသစ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည့် စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ

Last Updated:

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် စွမ်းအင်ချိတ်ဆက်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ဒီဂျစ်တယ်နှင့် တီထွင်ဆန်းသစ်မှုစသည့် ကဏ္ဍအသစ်များတွင် နှစ်နိုင်ငံပူးပေါင်းမှုများ ဆောင်ရွက်ရန် အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက် စင်ကာပူ-ဗီယက်နမ်ဆက်သွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေး(17th Singapore -Vietnam Connectivity Ministerial Meeting) တွင် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ Second Minister for Trade and Industry ဖြစ်သူ Dr. Tan See Leng နှင့် ဗီယက်နမ်နိုင်ငံ၊ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး H.E. Nguyen Chi Dzung တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ပညာရေး၊ ဘဏ္ဍာရေး၊ သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှု၊ ပို့ဆောင်ရေး  စသည့်ကဏ္ဍများတွင် တိုးတက်နေမှုအခြေအနေများကို မှတ်တမ်းတင်ခဲ့ပါသည်။

ထို့ပြင် စင်ကာပူနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ(Agency for Science, Technology and Research)နှင့် ဗီယက်နမ်နိုင်ငံ၊ အမျိုးသားတီထွင်ဆန်းသစ်မှုစင်တာ(National Innovation Center) တို့အကြား တီထွင်ဆန်းသစ်မှုပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ Robot Operating System Industrial Consortium မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ နည်းပညာနှင့် ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်မှု၊ စင်ကာပူနှင့် ဗီယက်နမ် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းစတင်လုပ်ကိုင်မည့်ကုမ္ပဏီများအပါအဝင်ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစသည်တို့တွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်သည် စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှစ်(၅၀)ပြည့်နှစ် ဖြစ်ပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့်သည့်နှစ်တစ်နှစ်ဖြစ်ရာ နှစ်နိုင်ငံအတွက် အရေးပါသည့်နှစ်တစ်နှစ်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံ၏ ၁၁ နိုင်ငံမြောက် ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore