Singapore

ကင်ညာ - စင်ကာပူနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အသက်ဝင်

Last Updated:

ကင်ညာ - စင်ကာပူနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်မှာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် အသက်ဝင်ပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်သည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းဖြင့် စင်ကာပူနိုင်ငံနှင့် ကင်ညာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပါသည်။

ကင်ညာ - စင်ကာပူနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်တွင် ယင်းအချိန်က စင်ကာပူနိုင်ငံ Deputy Prime Minister ဖြစ်သူ Tharman Shanmugaratnam ၏ ရှေ့မှောက်၌  စင်ကာပူနိုင်ငံ၊ Senior Minister of State for Trade and Industry ဖြစ်သူ Dr. Koh Poh Koon နှင့် ကင်ညာနိုင်ငံ၊ Cabinet Secretary of the National Treasury and Economic Planning ဖြစ်သူ Mr. Henry Rotich တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

စင်ကာပူနိုင်ငံ၊ Minister for Trade and Industry ဖြစ်သူ Mr. Gan Kim Yong က ကင်ညာ - စင်ကာပူ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသက်ဝင်ခြင်းသည် နှစ်နိုင်ငံ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကင်ညာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ရာတွင် စင်ကာပူရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် စင်ကာပူနိုင်ငံဈေးကွက်သို့ ဝင်ရောက်ရာတွင် ကင်ညာရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကာအကွယ်ပေးနိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုတိုးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကင်ညာ - စင်ကာပူနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေအပေါ်အခြေခံ၍ မျှတပြီး သာတူ ညီမျှသည့်ဆက်ဆံမှု၊ အပြည့်အဝလုံခြုံရေးနှင့် အကာအကွယ်ပေးမှု၊ အခြားသောနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံသူများကို ဆက်ဆံသည့်အခွင့်အရေးအတိုင်း ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူဆက်ဆံခြင်း၊ တရားမဝင်သိမ်းယူခြင်းမှ ကာကွယ်ခြင်း၊ စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတို့ကြောင့်ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများအတွက် ခွဲခြားဆက်ဆံမှုမရှိဘဲ လျော်ကြေးပေးခြင်း၊ နိုင်ငံတွင်း/ပြင်ပသို့ အရင်းအနှီးများလွတ်လပ်စွာလွှဲပြောင်းခွင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများအတွက် အပြည်ပြည်ဆိုင်ရာအနုညာတခုံရုံး အသုံးပြုခွင့်စသည့်အချက်များ ပါဝင်ပါသည်။

စင်ကာပူနိုင်ငံနှင့် ကင်ညာနိုင်ငံတို့သည် ယခုအသက်ဝင်သည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အပြင် စင်ကာပူ - ကင်ညာလေကြောင်းဝန်ဆောင်မှုသဘောတူစာချုပ်ကိုလည်း ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ကင်ညာနိုင်ငံသည် ဆာဟာရအာဖရိကနိုင်ငံများတွင် အကြီးဆုံးဆိပ်ကမ်းတည်ရှိသည်ဖြစ်ရာ စင်ကာပူနိုင်ငံအနေဖြင့် ကုန်းတွင်းပိတ်ဆာဟာရအာဖရိကနိုင်ငံများနှင့် ချိတ်ဆက်ရာတွင် ကင်ညာနိုင်ငံသည် အဓိကအရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore